Wednesday, December 17, 2014

ဝန်ထမ်းလစာတိုးဖို့အရေး သူတို့ကိုပဲအရင်တိုး

 ဝန်ထမ်းလစာတိုးဖို့အရေး သူတို့ကိုပဲအရင်တိုး

ဒီတစ်ကြိမ် လွှတ်တော်အဆုံးသတ်ခဲ့တဲ့ နိုဝင်ဘာ ၂၈ရက်မှာ လွှတ်တော်အမတ် တွေ လစာ ၁ဝသိန်းထိတိုးဖို့ ဆုံးဖြတ်ခဲ့ကြပြီး နေ့တွက်စရိတ်လဲ ကျပ်နှစ်သောင်းထိ တိုးဖို့ တစ်ခါ တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်အမတ်တွေလစာ အရင် ကျပ်သုံးသိန်းကနေ ၁ဝသိန်း၊ နေ့တွက်စရိတ် အရင် ကျပ်တစ်သောင်းကနေ အခု ကျပ်နှစ်သောင်း တိုးခဲ့တာဖြစ်ပါတယ်။ ပြည်နယ်/တိုင်းလွှတ် တော်အမတ်တွေလစာလဲ တစ်ပါတည်း တိုး မြှင့်ပေးလိုက်ပြီး အရင် ကျပ်နှစ်သိန်းကနေ အခု ကျပ်ငါးသိန်း တိုးပေးခဲ့တာ ဖြစ်ပါတယ်။ လွှတ် တော်အမတ်တွေ လစာ ထိုက်ထိုက်တန်တန် တိုးမြှင့်ပေးလိုက်တာ သူ့အဆင့်နဲ့သူ သင့်လျော် ကောင်းမွန်ပါတယ်။ တစ်ဖက်က ဝန်ထမ်းလစာတွေနဲ့ ယှဉ်ထိုး ကြည့်ရင်တော့ တစ်မျိုးဖြစ်နေတာ တွေ့ရပြီး ဌာနတစ်ခုရဲ့ အမြင့်ဆုံး ရာထူးဖြစ်တဲ့ ညွှန်ချုပ်လစာပင်လျှင် ကျပ်နှစ်သိန်းကျော်ပဲ ရနေတာဖြစ် ပါတယ်။ ဝန်ထမ်းလစာတိုးပေးဖို့ အဘက်ဘက်က တွက်ချက်နေရ တယ်လို့ လွှတ်တော်ထဲသွားပြောခဲ့တဲ့ ဘဏ္ဍာအခွန်ဝန်ကြီးအသံလဲ ကြားလိုက်ရပါတယ်။ နေပြည်တော်မှာ ဝန်ထမ်းလုပ်နေတဲ့ ဦးစီးအရာရှိအဆင့် မိတ်ဆွေ လူလွတ်တစ်ယောက်ကို ရတဲ့လစာနဲ့ အဆင်ပြေလားဆိုတော့ ရန်ကုန် မိဘအိမ်ပြန်တဲ့လဆိုရင်တော့ မလောက်ဘူး။ အိမ်မပြန်ရင်တော့ လောက်ပါတယ်လို့ ပြောပါ တယ်။ သူဟာ လူလွတ်တစ် ယောက်လဲဖြစ် မသောက် မစား အပျော်အပါးလဲ မရှိ သူ ဖြစ်ပါတယ်။ သေချာတာ တစ်ခုက အိမ်ထောင်သည် ဝန်ထမ်းတွေ လစာနဲ့စားလို့ မရနိုင်ဘဲ အောက်ဆိုက်လေး ဘာလေးရှိမှ အဆင်ပြေကြပုံ ပါ။ အဲ့ဒီအောက်ဆိုက် ဘေး ပန်းဝင်ငွေ ရှာတယ်ဆိုတာ က ကိုယ့်လုပ်ပိုင်ခွင့် အလွဲ သုံးစားလုပ်မှ ရနိုင်တာမျိုး ပါ။ မြန်မာပြည်မှာ ရင်လေး စရာအကောင်းဆုံး အောက်ဆိုက်ရှာတဲ့ လုပ်ငန်းကတော့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန မြို့နယ်ရုံး အချို့ပဲ ဖြစ်ပါတယ်။ တစ်နေ့က ချင်းမိုင်မှာနေတဲ့ မိတ်ဆွေတစ်ယောက် မြန်မာပြည် ပြန်ပြီး မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်ဖို့ အကြောင်းဖန်လာပါ တယ်။ ဒီမှာ တလောလေးကတင် လုပ်ပေးတဲ့ အလုပ်သမားကတ် လက်ထဲရှိတဲ့သူတွေကို အခု မြန်မာသံရုံးက ယာယီနိုင်ငံကူးလက် မှတ်လုပ်ပေးဖို့ အစီအစဉ်စတော့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့က မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပြရပါတယ်။ မရှိတဲ့သူတွေ မြန်မာ ပြည်ပြန်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း လုပ်ကြရပါတယ်။ မိတ်ဆွေဖြစ်သူလဲ မှတ်ပုံ တင် သန်းခေါင်စာရင်းမရှိလို့ မြန်မာပြည်ပြန် လုပ်ဖို့ စီစဉ်တော့ မြန်မာပွဲစား တစ်ယောက်က ပြန်စရာမလိုဘူး။ ဘတ် ၃ဝဝဝပဲပေး၊ မှတ်ပုံ တင်၊ သန်းခေါင်စာရင်း လက်ထဲရောက်လာ စေရမယ်လို့ ပြောပါသတဲ့။ နီးစပ်ရာ မေးစမ်း ကြည့်တော့ ဒီလိုလုပ်ဖူးပြီး လက်ထဲရောက် နေသူ မိတ်ဆွေတွေက ဟုတ်မှန်ကြောင်း ပြော ပါတယ်။ ဘတ် ၃ဝဝဝဆိုတာက မြန်မာပြည် ပြန်မယ့်လမ်းစရိတ်ဖိုးတောင် မရှိတာမို့ မိတ်ဆွေ ဖြစ်သူလဲ ဒီနည်းလမ်းပဲ ရွေးချယ်လိုက်တာ အဆင်ပြေသွားပါတယ်။ ဒီလိုအဖြစ်တွေက အကြောင်းပေါင်းများ စွာကြောင့် ဖြစ်ပွားနေတာဖြစ်သလို ဝန်ထမ်း လစာ မစို့မပို့ကြောင့်လဲ တစ်ကြောင်းပါပါတယ်။ မြန်မာပြည်မှာ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင် တွေအပါအဝင် ဝန်ထမ်း ၂၄သိန်းရှိတယ်လို့ သိရပါတယ်။ ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များအပါ အဝင် ၁၄သိန်းသော နိုင်ငံ့ဝန်ထမ်းများ၏ လစာကို သင်တင့်မျှတသော ပမာဏဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် တိုးပေးမယ်လို့ ပြောထား ပါတယ်။ သူကပဲ ''ဝန်ထမ်းတွေ လစာတိုးပေးတဲ့နေရာမှာ နိုင်ငံတော် ဘတ်ဂျက်က ဘယ်လောက် ပမာဏ ပေးနိုင်မယ်။ ဘယ်လောက်ထိ ရေရှည် (Sustainable) လုပ်နိုင်မလဲ။ နောင်တက်လာမယ့် အစိုးရတွေအတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်ဖို့ကိုလဲ စဉ်းစားဖို့ လိုပါတယ်''လို့ ဆိုပါတယ်။အစိုးရ ဝန်ထမ်းမဟုတ်သော သန်းငါး ဆယ်ခန့်သော ပြည်သူများအပေါ် လည်း သက်ရောက်မှုရှိမှာဖြစ်လို့ ပမာဏ မည်မျှတိုးသင့်သည်ကို သေချာ တွက်ချက် စဉ်းစားနေ ကြောင်းလဲ ထုတ်ပြောထားပြန်ပါ တယ်။ ဝန်ထမ်းလစာက မတိုးသေး ဘူး၊ ကုန်ဈေးနှုန်းက တက်နေပြီ။ ကန်စွန်းရွက်တစ်စည်း ကျပ် ၄ဝဝ ဖြစ်သွားပြီဆိုတဲ့ အသံတွေလဲ တစ် ဆက်တည်း ကြားနေရပါပြီ။ ကိန်း ဂဏန်းတွေအရ တွေးမြင်မိလို့ရတာက ဝန်ထမ်းလစာတိုးလဲ အမတ် တွေ လစာလောက်ရဖို့မမြင်၊ အမတ်ဦးရေက ထောင်ဂဏန်းပဲရှိပြီး ဝန်ထမ်းက ၁၄သိန်းလောက် ရှိနေတာဖြစ်ပြီး တစ်ခါ ဝန်ထမ်းမဟုတ် တဲ့ သန်း၅ဝသော ပြည်သူတွေအရေးလဲ ကြည့်ရဦးမယ် ဆိုထား ပြန်တာမို့ အမတ်လစာ လောက်ရဖို့ လမ်းမမြင်ဘူးလို့ ပြောရတာ ဖြစ်ပါတယ်။ဒီလိုဆိုရင်တော့ မုန့်လုံးစက္ကူကပ်ပြီး မြန်မာပြည် မှတ်ပုံတင် အမေရိကားက လှမ်းလုပ်လို့ရတဲ့ကိန်း ဆိုက်သွားနိုင်ပါ တယ်။ တိုင်းပြည်နဲ့ လူမျိုးအရေးတွေး မမြင်မိရင်တော့ လမ်းစရိတ် လောက်နဲ့ အဆင်ပြေနေကြတာပဲလေလို့ ဆိုနိုင်စရာ အကြောင်းရှိ မလားပဲ။ ။ Democracytoday - ကိုရွှေအောင်

No comments: