Friday, December 5, 2014

"ကိုယ့်အမျိုးကိုကိုယ်ချစ်ပါ" ****************************

"ကိုယ့်အမျိုးကိုကိုယ်ချစ်ပါ" ******************************* မြန်မာပြည်သည်ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ၊ကိုယ်ပိုင်သာသနာ၊ ကိုယ်ပိုင်လူမျိုး စသည်တွေနဲ့ရပ်တည်လာတဲ့နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကတော့ဦးဇင်းတို့မြန်မာသက္ကရာဇ်အနေနဲ့ (၁၂)လရှိပါတယ်။ လတိုင်းလတိုင်းမှာမြန်မာယဉ်ကျေးမှုလေးတွေရှိနေတာကို ဆိုလိုချင်တာပါ။ ဆိုပါဆို့။ တန်ခူးလမှာဆိုရင်အတာရေသဘင်ပွဲဆင်နွှဲကြပြီး သက်ကြီး ရွယ်အိုများကိုပူဇော်ကြတယ်။ဘုရားကျောင်းကန်သွားပြီးတော့မြတ်စွာဘုရားကို ရေသပ္ပါယ်ကြတယ်။ တိရိစ္ဆာန်လေးတွေကိုဘေးမဲ့လွှတ်ကြတယ်။ ဒါကတန်ခူးလမှာ မြန်မာလူမျိုးများ ပြုလုပ်လေ့ရှိတဲ့ ယဉ်ကျေးမှုပါ။ ကဆုန်လမှာဆိုရင်ကဆုန်လပြည့်ဗုဒ္ဓနေ့သတ်မှတ်ပြီး ညောင်ရေသွန်းပွဲ ကျင်းပခြင်းဆိုတဲ့ ယဉ်ကျေးမှုရှိနေပါတယ်။ နယုန်လမှာကျတော့စာတော်ပြန်ပွဲတွေဆင်နွှဲကျင်းပကြပါတယ်။ မန္တလေးသကျသီဟ(အဘိဝံသ) စာပြန်ပွဲဆိုရင် နယုန်လပြည့်နေ့စာပြန်တော်ပွဲ အထိမ်းအမှတ်နဲ့ ကျင်းပတာနှစ်ပေါင်းတစ်ရာကျော်ပါပြီ။ အဲဒါကိုအမှီပြုပြီးရှေးတုန်းကပထမပြန်စာမေးပွဲတွေဟာ နယုန်လမှာကျင်းပကြတာပါ။ နောက်ပိုင်းကျတော့ စာသင်သံဃာတော်တွေဟာ မိမိတို့ အရပ်ဒေသပြန်ရတာနောက်ကျပါတယ်ဆိုပြီးတော့တပိုတွဲ၊ တပေါင်းအဲဒီမှာကျင်းပကြဖို့ ပြောင်းလဲလိုက်တာပါ။ အဲဒီတော့နယုန်လမှာစာတော်ပြန်ပွဲကျင်းပတယ်ဆိုတာ သိထားဖို့ပါ။ ဝါဆိုလရောက်ပြန်တော့လည်း သံဃာတော်တွေဝါဆိုတဲ့ပွဲ၊ ဝါဆိုသံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူတဲ့ပွဲ၊ ပြီးတော့ဦးပဇင်းအသစ်လေးတွေပဉ္စင်းခံပွဲစသည်ဖြင့်ပေါ့လေ လတိုင်းလတိုင်းမှာမြန်မာရဲ့ယဉ်ကျေးမှုလေးတွေ ကိုယ်စီရှိနေကြတာပါ။ အဲဒီတော့ မြန်မာပြည်ယဉ်ကျေးမှုတည်တံ့သည်နှင့်အတူ အမျိုး၊ဘာသာ၊သာသနာဒီသုံးခုလည်း တည်တံ့ စေဖို့အတွက်ဦးဇင်းတို့ဗုဒ္ဓဘာသာတွေအားလုံးတာဝန်ရှိနေကြပါပြီ။ (ကုလံစိရံတိဋ္ဌတုမရမ္မရဋ္ဌေ) မြန်မာ့တိုင်းမြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေကမ္ဘာတည်သရွေ့ တည်တံ့စေအောင် မိမိလူမျိုးကို မိမိထိန်းသိမ်းရမယ်၊ စောင့်ရှောက်ရမယ်။ ကာကွယ်ရမယ်၊ ကူညီရမယ်။ ဒါအားလုံးသော မြန်မာလူမျိုးတွေရဲ့ တာဝန်ပါ။ မိမိလူမျိုးတည်တံ့စေဖို့အရေးကြီးတဲ့အချက်(၃)ချက်ရှိမယ်။ မိမိလူမျိုးအချင်းချင်း အိမ်ထောင်ပြုရမယ်။ မိမိလူမျိုးရောင်းချတဲ့ဈေးဆိုင်မှာဈေးဝယ်ရမယ်။ မိမိလူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဆက်ဆံရမယ်။ ဒီသုံးချက်ကိုအားလုံးလိုက်နာရင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာလူမျိုးကမ္ဘာတည်သရွေ့ရှိနေမှာပါ။ ဦးဇင်းတို့ဆုတောင်းပါတယ်။ အမျိုးမပျောက်စေနဲ့ပေါ့လေ။ နောက်တစ်ခုကဘာသာပါ၊ဘာသာဆိုတာဒီနေရာမှာ(စကား)လို့မှတ်လိုက်ပါ။ မြန်မာစကားလုံးတွေ၊ မြန်မာစကားဝါကျတွေကိုဘာသာလို့ပြောတာပါ။ မြန်မာမြေပေါ်မှာ ဘိုး၊ဘွားအစဉ်အဆက်က သုံးဆွဲလာတဲ့မြန်မာစကားလည်းပဲတည်တံ့ပါစေလို့ ဦးဇင်းတို့ဆုတောင်းပါတယ်။ နောက်တစ်ခုက (သာသနာ)ပါ။ သာသနာဆိုတာကတော့မြတ်စွာဘုရားရဲ့ သာသနာတော်ကို ရည်ညွှန်း ပြောလိုတာပါ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်သည် လည်းပဲ မြန်မာ့မြေပေါ်မှာ ကမ္ဘာတည်သရွေ့ တည်တံ့ပါစေလို့ဦးဇင်းတို့ဆုတောင်းပါတယ်။ ဗုဒ္ဓသာသနာတည်တန့်ပါမှ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ အစဉ်ထာဝရတည်တံ့ပါလိမ့်မယ်။ မြန်မာ လူမျိုး။ မြန်မာ့ဘာသာလည်းတည်တံ့ပါလိမ့်မယ်။ ဒါကြောင့်သာသနာဆိုတာဘာလဲလို့ ဆိုရင်မြတ်စွာဘုရား အဆုံးအမစကားလုံးတွေဟာမြတ်စွာဘုရားရဲ့ သာသနာတော်ပါပဲ။ ဒီသာသနာတော်ကြီးမြန်မာပြည်မှာကမကမ္ဘာအရပ်ရပ်မှာမှာကမ္ဘာတည်သရွေ့တည်ရှိနေပါစေလို့ဦးဇင်းတို့လေး နက်စွာဆုတောင်းပါတယ်။ အဲဒီတော့မြန်မာ့ယဉ်ကျေးမှု၊မြန်မာလူမျိုး၊ မြန်မာဘာသာနဲ့ မြတ်စွာဘုရားသာသနာကမ္ဘာတည်သရွေ့မြန်မာ့မြေပေါ်မှာတည်တံ့ပါစေလို့အားလုံးတာဝန်ကိုယ်စီနဲ့ထိန်းသိမ်းရ မယ်၊ စောင့်ရှောက်ရမယ်၊ကာကွယ်ရမယ်။ ရှေးတုန်းက ဘိုး၊ဘွား၊မိဘ၊ ဆရာသမား တွေလည်း (ဘိုးစဉ်ဘောင်ဆက်)ပေါ့လေမြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊မြန်မာဘာသာ၊ မြတ်စွာဘုရားသာသနာတော်ကိုကြာရှည်စွာတည်တန့်အောင်ထိန်းသိမ်းခဲ့ကြတာပါ။ သီပေါမင်းပါတော်မူပြီးတော့ တိုင်းတစ်ပါးလက်အောက်ကို ကျရောက်စဉ်တုန်းကလည်း ဒီမူတွေ၊ဒီအဓိဋ္ဌာန်တွေနဲ့ပဲကြိုးစားခဲ့ကြတာ၊တွန်းလှန်ပယ်ရှားပြီးတော့အမိမြန်မာပြည်နှင့်အမျိုးဘာသာသာသနာယဉ်ကျေးမှုတွေအားလုံးပြန်လည်ရယူပြီး တည်တံ့အောင်ထွန်းကားအောင် ဆောင်ရွက်ထွန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့တာ အားလုံးသိပြီးသားပါ။ ဒါကြောင့် ယနေ့ မျိုးဆက်သစ် မြန်မာနိုင်ငံသားတို့အပေါ်မှာအဖိုးအဖွားမိဘများရဲ့ ကျေးဇူးတရား တွေရှိနေပါတယ်။ အဲဒီတော့အဖိုး၊အဖွား၊မိဘများရဲ့ ကျေးဇူးတရားတွေကိုမျိုးဆက်သစ်များက ဆက်လက်ပြီး ဆောင်ရွတ်ကြရမယ်။ ရှေးတုန်းကအဖိုး၊အဖွား၊ မိဘမြန်မာလူမျိုးတို့ဟာနောင်လာ နောင်သား မျိုးဆက်သစ်တွေရဲ့အပေါ်မှာမျှော်လင့်ချက်၊ တောင်းတချက်တွေ၊ တောင်းတချက်တွေ လည်းပဲ ထားခဲ့ပါသေးတယ်။ အဲဒါဘာတွေလဲလို့ဆိုတော့ (၁)။ဘတောဝါနောဘရိဿတိ။တဲ့..ငါတို့မွေးမြူခဲ့တဲ့သားတွေသမီးတွေ၊မြေးတွေမြစ်တွေကို ငါတို့မွေးမြူထားခဲ့တာဖြစ်သည့်အတွက် ငါတို့ကိုပြန်လည်ပြီးကျွေးမွေးပြုစုစောင့်ရှောက် လိမ့်မည် ဆိုတဲ့ တောင်းတချက်ပါ။ အဲဒီတော့ (ကိုယ်အမျိုးကိုကိုယ်ချစ်ပါ)ဆိုတဲ့ စကားနဲ့ပြောမယ်ဆိုရင် ငါတို့ပြုစုစောင့်ရှောက်ခဲ့တဲ့မြန်မာနိုင်ငံမြေပေါ်မှာ အမျိုး၊ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတွေကို ငါတို့မွေးမြူထားခဲ့တဲ့သားသမီး၊ မြေးမြစ်များကလက်ဆင့်ကမ်းပြီး ထိန်းသိမ်းစောင့်ရှောက် လိမ့်မယ်ဆိုတဲ့တောင်းတချက်၊ မျှော်လင့်ချက်များကိုထားခဲ့ပါတယ်။ ဒါကြောင့်မိမိတို့ရဲ့အဖိုး၊ အဖွား၊ မိဘများရဲ့ ကျေးဇူးတရားများကို ဆပ်သောအနေနဲ့ မြန်မာ မြေပေါ်မှာ ရှိနေတဲ့အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုများကို မပျောက်ပျက် ရလေအောင် ထိန်းသိမ်းစောင့်ရှောက်မွေးမြူသင့်တယ်လို့အကြံပြုချင်ပါတယ်။ ဒါမှသာလျှင် ကိုယ့်အမျိုးကိုကိုယ်ချစ်ပါဆိုတဲ့ စကားလုံးနဲ့ထပ်တူကျမှာဖြစ်ပါတယ်။ (၂)။ကိစ္စံဝါနောကရိဿတိ။တဲ့ ရှေးတုန်းကအဖိုး၊ အဖွားတွေကငါတို့ရဲ့မျိုးဆက်သစ် သားသမီးမြေးမြစ်များက ငါတို့ ဆောင်ရွတ်ခဲ့ကြတဲ့ အမျိုးကောင်းရေးကိစ္စ၊ ဘာသာစကားထွန်းကားရေးကိစ္စ၊ မြတ်စွာဘုရား သာသနာ တော်ထွန်းကားရေးကိစ္စ၊ယဉ်ကျေးမှုရှင်သန်ရေးကိစ္စတွေကို ဆက်လက်ပြီး အဓွန့်ရှည်တည်တံ့ အောင်ထိန်းကားပြန့်ပွားအောင် ကြိုးစားထုတ်ကြလိမ့်ဆိုတဲ့ တောင်းတချက် လည်းထားခဲ့ပါသေးတယ်။ အမျိုးကောင်းစားရေးအလုပ်၊ ဘာသာစကားတည်တံ့ရေး အလုပ်၊ မြတ်စွာဘုရားသာသနာတော်ကြီး တည်တံ့ပြန်ပွားအောင် ကြိုးစားထိန်းသိမ်း စောင့်ရှောက်ရေး အလုပ်၊ ယဉ်ကျေးမှုမပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး အလုပ်တွေက မျိုးဆက်သစ် မြန်မာလူငယ်တိုင်း တာဝန်ရှိပါတယ်။ လုပ်ဆောင်ကြိုးပမ်းဖို့လိုပါတယ်။ ငါမလုပ်လည်း သူများ လုပ်မှာပဲဆိုတဲ့ အတွေးမျိုးမထားသင့်ပါ။ ငါကဲ့သို့လူများ…များပြားလာပါက (ဒါမှမဟုတ်) ငါကဲ့သို့သောလူများ အားလုံးနီးပါးဖြစ်လာပါက ထိုထိုသောအမှုကိစ္စများကို ပြုလုပ်ဖြစ်မည် မဟုတ်ပါ။ ဒါကြောင့်ဘယ်သူမလုပ်လုပ် ကိုယ်လုပ်မယ်ဆိုတဲ့စိတ်ထားကို ထားလိုက်ရင် အားလုံး လုပ်ဖြစ်သွားကြမှာပါ။ ဒါမှလည်းရှေးတုန်းကအဖိုး၊ အဖွား၊ မိဘများကို ကျေးဇူးဆပ်ရာ ရောက်သလို ကိုယ်အမျိုးကိုကိုယ်ချစ်ပါဆိုတဲ့စကားနဲ့လည်းထပ်တူကျပါတယ်။ (၃)။ဒါယဇ္ဇံပဋိပဇ္ဇိဿတိ။ ရှေးတုန်းကအဖိုးအဖွားမိဘတွေက ယခုခေတ်မျိုးဆက်သစ်သားသမီးမြေးမြစ်များကို လှမ်းပြီးကြည့်တယ်တဲ့။ ငါတို့ရဲ့မျိုးဆက်သစ်သားသမီးမြေးမြစ်တွေက ငါတို့ရဲ့အမွေကို ဆက်လက် ထိန်းသိမ်းလိမ့်မယ်ဆိုပြီး လှမ်းမျှော်ပြီးကြည့်ပါတယ်။ အမွေနှစ်ဆိုတာ ဘိုးဘွားတွေ ထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုအမွေ၊ လူမျိုးထိန်းသိမ်းတဲ့ အနေနဲ့သော်လည်းကောင်း၊ ဘာသာစကားထိန်းသိမ်းခဲ့တဲ့ အနေနဲ့သော်လည်းကောင်း၊ လူမျိုးတူအချင်းချင်း ထိမ်းမြား လက်ထပ်ခြင်း၊ လူမျိုးတူအချင်းချင်း ပေါင်းသင်ဆက်ဆံခြင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး တိုးတက်အောင် ချီးမြှင့်ခြင်းဆိုတဲ့ အမွေ အနှစ်ကို နောက်လာမယ့် မျိုးဆက်သစ်သား သမီးမြေးမြစ်တွေက ဆက်ခံလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ မြန်မာ့မြေကို တစ်လက်မသော်မှ သူများနိုင်ငံသို့မရောက်အောင် ထိန်းသိမ်းခဲ့တဲ့ အမွေအနှစ်ကိုလည်း ဆက်လက်ကျင့်သုံးမယ်ဆိုတဲ့ တောင်းတချက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာမြန်မာဟေ့ဆိုပြီး ဂုဏ်ယူနိုင်အောင်၊ မိမိရင်ဘက်ကိုပုတ်ပြီးရဲရဲဝံ့ဝံ့ပြောနိုင်အောင် အဘိုးအဘွားတွေရဲ့ ထိန်းသိမ်းခဲ့တဲ့အမွေအနှစ်၊ တွေထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်း ရပါမယ်။ တိုးတက်အောင် ဆောင်ရွတ်ရပါမယ်။ ဒါမှသာလျှင် ကိုယ်အမျိုးကို ကိုယ်ချစ်ရာ ရောက်သလို ဘိုးဘွား မိဘများကိုလည်း ကျေးဇူးဆပ်ရာ ရောက်မှာပါ။ (၄)။ကုလဝံသောစိရံဌဿတိ။ ဒါကမြန်မာလူမျိုးများကြာမြင့်စွာ တည်တံ့ပါစေလို့ ဆိုတဲ့ပါဠိတော်လေးပါ။ မြန်မာလူမျိုးတွေ ကြာမြင့်စွာ တည်တံ့ဖို့သိပ်အရေးကြီးပါတယ်။ အမျိုးတူ၊ ဇာတ်တူနဲ့ ထိမ်းမြားလက်ထပ်ရမှာပါ။ ဘာသာတူအချင်းချင်း ပေါင်းသင်းဆက်ဆံထိမ်းမြား လက်ထပ်ရမှာပါ။ အဲလိုမှမဟုတ်ပဲ ဘာသာမတူ။ လူမျိုးမတူတာတွေနဲ့ ပေါင်းသင်းဆက်ဆံထိမ်းမြားမယ်ဆိုရင် မြန်မာလူမျိုးများ ကြာရှည်စွာ တည်တံ့ဖို့ မလွယ်ပါဘူး၊ မြန်မာလူမျိုးများ မတည်တံ့ဘူးဆိုရင်မြန်မာရဲ့ စကားလည်း ပျောက်ကွယ်မှာပဲ။ မြန်မာ့ယဉ်ကျေးမှုလည်း ပျောက်ကွယ်မှာပဲ၊ ဗုဒ္ဓမြတ်စွာ သာသနာတော် ကြီးလည်း ကွယ်ပျောက်သွားမှာပဲ။ အဲဒီတော့မြန်မာလူမျိုး အရှည်တည်တံ့ချင်ရင် ကိုယ့်အမျိုးကို ကိုယ်ချစ်ရမယ်။ မိမိလူမျိုး၊မိမိဘာသာမှလွဲပြီးကျန်သော လူမျိုးကျန်သော ဘာသာနဲ့ ထိမ်းမြားခြင်းကို ရှောင်ကြဉ်ကြပါလို့ အထူးတိုက်တွန်းလိုတာပါ။ တကယ်သာ လိုက်နာကျင့်သုံး မယ်ဆိုရင်မြန်မာလူမျိုးဟာ ကမ္ဘာတည်သရွေ့ရှိနေမှာပါ။ အားလုံးလိုက်နာမှဖြစ်မှာပါ။ အားလုံးမှာ တာဝန်ရှိပါတယ်။ အတိတ်ကဖြစ်ပျက်ခဲ့တာ ဘာသာခြားနဲ့အိမ်ထောင်ပြုလို့ ဒုက္ခရောက်ခဲ့တဲ့ မြန်မာမိန်းကလေးများကို သံဝေဂယူ၊ အတုယူပြီး ယခုအချိန်ကစလို့မြန်မာလူမျိုး ကမ္ဘာတည်သရွေ့ တည်တံ့ဖို့အတွက် ဘာသာတူဇာတ်တူလူမျိုးတူများနဲ့သာ ပေါင်းသင်းဆက်ဆံ ထိမ်းမြား သင့်ကြောင်း ပြောပြလိုတာပါ။ အထင်ကြီးလို့တော့မဟုတ်ဘဲအတုယူသင့်တဲ့ ဟိန္ဒူ လူမျိုးတွေရဲ့ ဇာတ်၊ လူမျိုးထိန်းသိမ်းပုံကို နည်းနည်းလေးပြောပြချင်ပါတယ်။ ဟိန္ဒူလူမျိုးတွေမှာ ဇာတ်နိမ့်၊ ဇာတ်မြင့်ဆိုပြီး ဇာတ်ဝါဒခွဲခြားတာလေးတွေရှိတယ်။ ဇာတ်မြင့်က ပေါက်ဖွားလာတဲ့ မျိုးဆက်သစ် များက သူတို့ဇာတ်မြင့်ကိုကြာရှည်စွာ တည်တံ့စေအောင် ဇာတ်မြင်တဲ့သူအချင်းချင်းပဲ ပေါင်းသင်း ဆက်ဆံတယ်။ ထိမ်းမြားလက်ထပ်တယ်။ ဇာတ်နိမ့်သမားကလည်း သူတို့ဇာတ်နိမ့်ဘဝကနေ လွတ်မြောက်စေအောင် ဇာတ်မြင့်တို့နှင့် ရင်ဘောင်တန်းနိုင် အောင်ကြိုးစားတယ်။ ဒါပေမယ့်မရပါဘူး။ ဘာလို့လဲဆိုတော့ဇာတ်မြင့်သမားက ရာခိုင်နှုန်း90ကျော်လောက်က ဇာတ်မြင့်ချင်းပဲပေါင်းသင်းဆက်ဆံလို့ပါ။ ဒါက(သာဓက)လေးပါ။ အတုယူသင့်ပါတယ်။ ဒါဖြင့်ရင် ဦးဇင်းတို့မြန်မာလူမျိုး (အထူးသဖြင့်ဒကာမလေးတွေပေါ့) အပြစ်တင်လိုတဲ့ အနေနဲ့ပြောခြင်း မဟုတ်ပါ။ သိသင့်သိထိုက် ရှောင်ကျဉ်သင့်ရှောင်ကျဉ်ထိုက်တာကို သိစေလိုတဲ့စိတ်၊ စေတနာနဲ့ ပြောပြလိုတာပါ။ မိမိရဲ့လူမျိုးဘာသာမှလွဲပြီးကျန်တဲ့ ဘာသာမတူလူမျိုးမတူ ဘယ်လို ပုဂ္ဂိုလ်မျိုးက မဆို ဘာနဲ့ပဲဖျားယောင်းသွေးဆောင်ပါစေ၊ မိမိဘာသာမိမိလူမျိုးကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက် ပေးစေချင်ပါတယ်။ မိန်းကလေးများသာမက အားလုံးမှာတာဝန်ရှိတာပါ။ အားလုံး လိုက်နာရပါ့မယ်။ ဒါမှသာမြန်မာလူမျိုးဟာမြန်မာ့မြေပေါ်၊ ကမ္ဘာမြေပေါ်မှာ အရှည်တည်တံ့စွာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အမျိုးမတူ၊ဘာသာမတူတဲ့သူကို ပေါင်းသင်းဆက်ဆံ မိရင်တော့ မြန်မာလူမျိုးများ ရေရှည်တည်တံ့ဖို့မလွယ်ကူပါ။ ဒီနေရာမှာ မြတ်စွာဘုရား လက်ထက်က အမျိုး မတူ။ ဇာတ်မတူတဲ့သူကို ပေါင်းသင်းမိလို့ဒုက္ခရောက်သွားတဲ့ ဖွတ်တွေအကြောင်းကို ပြောပြချင်ပါတယ်။ (ကကဏ္ဍကဇာတ်)မှာလာတာပါ။ အဲဒီဇာတ်တော်မှာ မြတ်စွာဘုရားလောင်းတော်ဟာ ဖွတ်ငါးရာကိုဦးစီးနေတဲ့ ဖွတ်မင်းဖြစ်ပါတယ်။ ဟိမဝန္တာတောင်မှာ အဲလိုဖွတ်ပေါင်းငါးရာကို ဦးစီးပြီးနေလာခဲ့တာ အချိန်ကြာလာတော့ ဖွတ်သားလေး တစ်ကောင်က အမျိုးမတူတဲ့(ကကဏ္ဍက) ပုတ်သင်ခြောက်လေးနဲ့ မိတ်ဆွေ ဖြစ်နေပါတယ်။ ဘုရားလောင်းကအမျိုးမတူ၊ ဇာတ်မတူနဲ့မပေါင်းသင်းသင့်ကြောင်း၊ အမျိုးမတူ၊ ဇာတ်မတူ၊ ဘာသာမတူနဲ့ပေါင်းသင်းမိပါက ဒုက္ခရောက်တတ်တယ်ဆိုတဲ့ အကြောင်းကို ဖွတ်သားလေးကို ဆုံးမပါတယ်။ ဒါပေမယ့်မရဘူး။ အဲဒီဖွတ်သားလေးက ပုတ်သင်ခြောက်လေးကို သွားသွားပြီးတော့ဆော့တယ်၊ ကြာလာတဲ့အခါကျတော့ဖွတ်သားလေးလည်းကြီးတာတယ်၊ပုတ်သင်ခြောက်လေး လည်းကြီးလာတာပေါ့။ ကြီးလာချင်းတူပေမယ့် ဖွတ်ကတော့အကောင်ကြီးတာပေါ့။ ပုတ်သင်ခြောက်ကတော့ ကြီးလာတယ်ဆိုပေမယ့် တစ်ခက်မပတ်လည်လောက်ပဲ ရှိတာပေါ့လေ။ ဒီလိုနဲ့ဖွတ်ကကြီးကြီးလာတော့ ပုတ်သင်ခြောက်ကိုအပေါ်ကနေ လည်ပင်းဖတ်၊ ဖိထားပြီး ကစားတော့ ပုတ်သင်ခြောက်ကအတော်ခံရခက်နေပါတယ်။ ဒါကြောင့်ပုတ်သင်ခြောက်က ရန်ငြိုးထားတာပေါ့။ ဘယ်လိုရန်ငြိုးထားလဲဆိုတော့ “တွေ့ကြသေးတာပေါ့ နင်တို့ဖွတ်တွေ အမျိုးပြုတ်အောင် ငါလုပ်ပြမယ်ဆိုတဲ့”ရန်ငြိုးထားလိုက်ပါတယ်။ နောက်ပြီးပုတ်သင်ခြောက်က မိမိနေရာကို ပြန်ချင်ယောင်ဆောင်ပြီး ဖွတ်တွေနေတဲ့လိုဏ်ဂူတွေကိုအစဆုံးလိုက်ပြီးကြည့်တယ်။ မှတ်သားတယ်။ တစ်နေ့တော့တော့ လိုက်မုဆိုးတွေက ခွေးအုပ်ကြီးနဲ့ လာလိုက်တာကိုတွေ့တော့ ပုတ်သင်ခြောက်ကဟန်ကျပြီ။ ဖွတ်တွေနေတဲ့ နေရာကိုပြပြီးဖွတ်တွေ မျိုးပြုတ်အောင် လုပ်မယ် ဆိုပြီး ပုတ်သင်ခြောက်က ရှေ့ကနေပြေးပြခွေးတွေက နောက်ကလိုက်တာပေါ့။ ဖွတ်တွေနေတဲ့ လိုဏ်ဂူရောက်တော့အတွင်းထဲ ဝင်ပြေပြီး အခြားပေါက်ကနေ လှည့်ထွက်ခဲ့ပါတယ်။ ခွေးတွေ မုဆိုးတွေကလည်း ပုတ်သင်ခြောက်ကို အသည်းသန်ရှာဖွေ။ ကျင်းတွေတူပြီးရှာ နောက်ဆုံးတော့ ဖွတ်တွေကိုသွားလည်းတွေ့ရော ဖွတ်တွေမထွက်ခင် လိုဏ်ဂူပေါက်အားလုံးကို ပိတ်ဆို့ပစ် လိုက်ပါတယ်။ ပြီးတော့မီးနဲ့ရှို့ပစ်လိုက်တာ ဖွတ်မျိုးတွေ ကုန်သလောက် နီးပါးဖြစ်သွားပါတယ်။ ဒါကြောင့် အမိမြန်မာပြည်ရဲ့ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ၊ လူမျိုးအရှည်တည်တံ့ စေချင်တယ် ဆိုရင် တော့ဖွတ်နဲ့ပုတ်သင်ခြောက်ရဲ့ ဇာတ်တော်ကိုနမူနာယူပြီး မိမိနဲ့အမျိုးတူ၊ ဇာတ်တူ၊ ဘာသာတူများကို ပေါင်းသင်းဆက်ဆံသင့်တယ်ဆိုတာ လေးလေးနက်နက်ပြောပြပါ ရစေ။ အမျိုးမတူ၊ ဘာသာမတူ။ ဇာတ်မတူသူနဲ့ ပေါင်းသင်းခြင်းသည် အမျိုးပျောက်စေတတ် တယ်ဆိုတာ မြတ်စွာဘုရားလက်ထက်တော်တည်းက ရှိနေခဲ့တာဆိုတာထင်ရှားတဲ့ဥပမာပါ။ မြန်မာလူမျိုး များဟာ အိပ်တဲ့အခါခေါင်းရင်း (သို့မဟုတ်) အရှေ့ဘက်ကို ခေါင်းထားပြီး အိပ်လေ့ရှိပါတယ်။ အနောက်ဘက်၊ ခြေရင်းကို ခေါင်းထားပြီးဘ ယ်တော့မှမအိပ်ချင်ပါနဲ့။ အဲလောက်ပြောရင် သဘောပေါက်လောက်ပါပြီ။ အဘိုးအဘွားမိဘများရဲ့ ကျေးဇူးတရားကို တကယ်ဆပ်ချင်ရင်၊ ကိုယ့်လူမျိုးကို ကိုယ်တကယ်ချစ်တယ်ဆိုရင်ဘာသာတူ၊လူမျိုးတူအချင်းချင်း ပေါင်းသင်း ဆက်ဆံပါလို့ တိုက်တွန်းချင်ပါတယ်။ မသိသေးတဲ့မိမိရဲ့အပေါင်းသင်းမိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများကိုလည်း တစ်ဆင့်ပြောပြပေးဖို့ လိုအပ်နေပါတယ်။ (၅)။ပေတာနံကာလင်္ကတာနံဒက္ခိဏံအနုပဒဿတိ၊ ဒါကတော့ တမလွန်ဘဝနဲ့ ဆိုင်ပါတယ်။ ဆိုလိုတာက အဘိုးအဘွားမိဘများက သူတို့ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ သားသမီး- မြေးမြစ်များကို ကောင်းမှုကုသိုလ်ပြုလုပ်တိုင်း သူတို့အားအမျှတန်းပေးဝေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ ဒါကိုလည်းအားလုံး ဗုဒ္ဓဘာသာပီပီ ဒါနသီလဘာဝနာ ဘယ်လိုကောင်းမှုကိုပဲ ပြုပြုအဘိုးအဘွားများကိုနာမည်ခေါ်ပြီးအမျှပေးပါလို့တိုက်တွန်းပါတယ်။ ယခုဖော်ပြခဲ့တဲ့ အချက်ငါးချက်ကို အားလုံးလိုက်နာကျင့်သုံးမယ်ဆိုရင် ဘိုးဘွားမိဘများရဲ့ ကျေးဇူးတရားကိုလည်း ဆပ်ရာရောက်သလို၊ ကိုယ်အမျိုးကိုကိုယ်ချစ်ရာလည်းရောက်ပါတယ်။ ကိုယ့်အမျိုးကို ကိုယ်တကယ်ချစ်မယ်ဆိုပါက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး ၊မြန်မာစကားနဲ့မြတ်စွာဘုရား သာသနာတော်ကြီးဟာ ကမ္ဘာတည်သရွေ့တည်တံ့နေမှာပါ။ အားလုံးမှာတာဝန်ရှိပါတယ်။ ဘယ်တော့မှ မမေ့ပါနဲ့လို့ အလေးနက်ထားပြီး တိုက်တွန်းလိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊ ကိုယ့်အမျိုးကိုအသက်နဲ့လဲပြီးချစ်တတ်ကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: