Tuesday, August 30, 2016

ရန်ကုန်မြို့ရှိ လမ်း ရှစ်လမ်းကို တစ်လမ်းမောင်း လုပ်မည်

ရန်ကုန်၊ သြဂုတ် ၂၉

ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့ရန် မြို့လယ်ရှိ လမ်းရှစ်လမ်းကို တစ်လမ်းမောင်းအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ညာကွေ့များလာရင် သွားလာမှု အဆင်ပြေစေတဲ့အပြင် အရေးပေါ်ကိစ္စ ပေါ်လာရင်လည်း တစ်လမ်းမောင်းစနစ် ဖြစ်တဲ့အတွက် မောင်းနှင်ရတာ အဆင်ပြေမယ်”ဟု အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။
လက်ရှိ ယာဉ်ကို လက်ယာကပ် မောင်းစနစ်ဖြင့် မောင်းနှင်နေသောကြောင့် ညာကွေ့များလျှင် ယာဉ်ကြော ကျပ်တည်းမှု သက်သာစေပြီး ဘယ်ကွေ့များလျှင် တစ်ဖက် ယာဉ်ကြောကို ယာဉ်ကြောထောက်ကာ ယာဉ်ကြော ကျပ်တည်းမှု ပိုမို ဖြစ်ပွားကြောင်း၊ ယခုပြုလုပ်မည့် တစ်လမ်းမောင်းစနစ်မှာ ခရုပတ်လမ်း ပုံစံမျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တစ်လမ်းမောင်းအဖြစ် ရန်ကုန်မြို့လယ်ရှိ လမ်းသစ်လမ်း (မြောက်မှ တောင်)၊ လသာလမ်း (မြောက်မှ တောင်)၊ ရွှေဘုံသာလမ်း (မြောက်မှတောင်)၊ ဗိုလ်အောင်ကျော်လမ်း (တောင်မှ မြောက်)၊ ဗိုလ်မြတ်ထွန်းလမ်း (တောင်မှ မြောက်)၊ ဗိုလ်တထောင်ဘုရားလမ်း(တောင်မှ မြောက်)၊ စန္ဒကူးလမ်း (မဟာဗန္ဓုလ လမ်းမှ ကမ်းနားလမ်းအထိ)၊ ရေကျော်လမ်း (ဗိုလ်ချုပ်လမ်းမှ ရေကျော်မီးပွိုင့် အထိ) စသည့် နေရာများကို ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါလမ်းများ တစ်လမ်းမောင်း စနစ် ပြုလုပ်ရန် တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် ခရီးသည်တင်ယာဉ် ဝင်ရောက်မှုမှာ စီးရေ ၃ဝဝဝ ကျော်ရှိကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ် ယာဉ်ကြော ကျပ်တည်းသည့်နေရာ ယခင်က ၇၉ ခုရှိရာမှ လက်ရှိတွင် နေရာ ၆ဝ အထိသာ ယာဉ်ကြော ကျပ်တည်းမှုရှိပြီး ကမ်းနားလမ်း၊ သခင်မြ ပန်းခြံလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ပြည်လမ်း၊ အလံပြဘုရားလမ်း၊ သိမ်ဖြူလမ်း၊ အထက် ပုဇွန်တောင်လမ်းနှင့် မဟာဗန္ဓုလ လမ်းတွင် ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုများပြားသည်။

တစ်လမ်းမောင်း ပြုလုပ်ခြင်းမှာ ပိုမို ကောင်းမွန်သည့် သယ်ယူ ပို့ဆောင်ရေးကို ဖော်ဆောင်ခြင်းဟု မြင်ပြီး လက်ရှိတွင်လည်း ဆူးလေဘုရား အနီးရှိ လမ်းများသည် တစ်လမ်းမောင်း ဖြစ်သောကြောင့် ပြည်သူများနှင့် စိမ်းခြင်း မရှိဘဲ ယာဉ်သွားလာမှု အဆင်ပြေနိုင်ကြောင်း ပါရမီ ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့စေနိုင်ခြင်းထက် အရေးပေါ် အခြေအနေတွင် ယာဉ်များ အလွယ်တကူ သွားလာနိုင်မည်ဟု ယူဆပြီး နှစ်လမ်းမောင်းသည် ခရီးသည်များ ယာဉ်စီးနင်းမှုအတွက် အဆင်ပြေသော်လည်း တစ်လမ်းမောင်းသည် စီးနင်းမှု အခက်အခဲရှိကြောင်း ဆူးလေသို့ နေ့စဉ် အလုပ် ဆင်းနေသည့် အမျိုးသမီး တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလ လမ်းကြား၊ ရွှေတိဂုံဘုရား လမ်း (တောင်နှင့် မြောက်) ကို မေလ ၃ဝ ရက်က တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် တစ်လမ်းမောင်းစနစ် ပြုလုပ်ထားသည်။

No comments: