Tuesday, September 17, 2013

ပရိတ်တော်ရွတ်ဖတ်ပူဇော်ရခြင်းအကြောင်း

“ ပရိတ်တော်ရွတ်ဖတ်ပူဇော်ရခြင်းအကြောင်း ” ••••••••••••••••••••••••••••••••••••••• ပရိသမန္တတော - ထက်ဝန်းကျင်မှ၊ ရောဂါဘယ အန္တရာယေဟိ - ရောဂါဘေးအန္တရာယ်တို့မှ၊ တာယတိ ရက္ခတိ - စောင့်ရှောက်တတ်၏။ ဣတိ - ထို့ကြောင့် ပရိတ္တံ - ပရိတ်မည်၏။ ပရိတ်တော်ဟူသည့်စကားသည် ပရိတ္တဟူသည့် ပါဠိမှ ဆင်းသက်လာခြင်းဖြစ်သည်။ ပရိတ္တအနက်သည် အရံအတားဟု ဆိုလိုကြောင်း ပရိတ်အဖွင့်ကျမ်းများက ဆိုပေသည်။ ပရိတ္တသဒ္ဒါသည် ထက်ဝန်းကျင်မှ ကျရောက်လာတတ် သော ဘေးဥပဒ်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက် သောကြောင့် ပရိတ်ဟူ၍ ခေါ်ဆိုကြောင်းလည်း ဖွင့်ဆို ပေသည်။ အကာအကွယ်ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါသေးသည်။ မည်သို့ဖွင့်ဆိုသည်ဖြစ်စေ ပရိတ်ဟူသည် ရောဂါဘေး အန္တရာယ်မဖြစ်အောင်၊ မကျရောက်အောင်၊ ထက်ဝန်းကျင်မှ စောင့်ရှောက်ကာကွယ်တတ်သောတရားဟူ၍ မှတ်သား နားလည်နိုင်ပါသည်။ ပရိတ်တရားတော်များကို ရှင်တော်မြတ်ဗုဒ္ဓသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတောသုံးဆယ်၊ ငါးသွယ်သော စွန့်ကြီးခြင်း၊ ကျင့်သုံးရပ်အမြတ်တို့ကို ဆည်းပူးတော်မူပြီးမှ ရအပ်သည့် သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် ဟောကြားတော်မူခဲ့ခြင်း ဖြစ်လေသည်။ သစ္စာလေးပါးကိုသီးခြားသိမြင်သည့် ပစ္စေကာဗုဒ္ဓါ အရှင်မြတ်တို့သည်ပင် ပရိတ်တော်ကို ဟောကြားခြင်းငှာ မစွမ်း နိုင်ပါပေ။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသည့် ဗုဒ္ဓါဘိသေက ဒေသနာတော်များ ဖြစ်သဖြင့်ယုံကြည်မှု သဒ္ဓါတရားအပြည့်ဖြင့် ရွတ်ဖတ်ပူဇော်ပါက လောကီလောကုတ်အကျိုးနှစ်ဖြာကို မှန်စွာမုချ ရရှိနိုင်ကြမည်သာ ဖြစ်ပါသည်။ ဤသို့ကောင်းသောအကျိုးအာနိသင်ကို မုချမသွေ ပေးစွမ်း နိုင်ပါပေ၏ဟူသော ကိုယ်တွေ့ဖြစ်ရပ်များကြောင့် ပရိတ်ရွတ်ခြင်း အစဉ်အလာသည် မြန်မာနိုင်ငံတွင်သာမက သီဟိုဠ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုစသည့် ထေရ၀ါဒ နိုင်ငံအားလုံးပင် ရွတ်ဖတ်ပူဇော်နေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင် ကြမည်ဖြစ်ပါသည်။

No comments: