ရန်ကုန်၊ ဒီဇင်ဘာ ၅
မွန်ပြည်နယ် ဝန်ကြီးချုပ်၊ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတို့နှင့် သက်ဆိုင်သော တိုင်ကြားစာများနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ လေ့လာ သုံးသပ်ရေး အဖွဲ့က စတင် စစ်ဆေးနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တနင်္သာရီ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့ကို ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် စတင် စစ်ဆေးမှု ပြုလုပ်လျက် ရှိကြောင်း လေ့လာသုံးသပ်ရေး အဖွဲ့ထံမှ သိရသည်။
“စတင် စစ်ဆေးမှုတွေ ပြုလုပ်နေပြီ။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေကလည်း စစ်တယ်။ လာမယ့် စနေ၊ တနင်္ဂနွေနေ့မှာလည်း ထပ်စစ်ဆေးသွားမယ်”ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။
NLD ပါတီသည် နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ ကိစ္စရပ်များအား လေ့လာ၍ တွေ့ရှိချက်များအား သုံးသပ်ရန် လေ့လာ သုံးသပ်ရေး အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွှန့် (အဖွဲ့ဝင်)၊ ဦးကျော်ဟိုး (အဖွဲ့ဝင်) စသည်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။
တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့သည် လွှတ်တော် တင်ဒါနှင့် ပတ်သက်သော ကိစ္စရပ်များကို တင်ဒါ ခေါ်ယူရာတွင် ယင်းတို့၏ ဆွေမျိုးတော်စပ်သူများသာ တင်ဒါ ရရှိခြင်း လုပ်ကိုင်ခွင့် ရရှိခြင်းကြောင့် ဆောင်ရွက်ချက်များကို ပြန်လည် စိစစ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် အချို့က NLD ပါတီဗဟိုထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ကိုယ်စားလှယ်များထံမှ သိရသည်။
ယင်းသို့ တိုင်ကြားထားခြင်းများနှင့် ပတ်သက်၍ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးအား မေးမြန်းရာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု ယူဆကြောင်း ရှင်းပြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင် အစည်းအဝေး မတက်ရောက်ခြင်း၊ ပြည်နယ် ဖွံ့ဖြိုးရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခြင်းတို့ အပါအဝင် အခြား ကိစ္စရပ်များအတွက် တိုင်ကြားခြင်း ခံရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။
အလားတူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ပြည်နယ် ဝန်ကြီးချုပ် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် NLD ပါတီထံ တင်ပြထားကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ဦးမင်းမင်းဦးသည် မွန်ပြည်နယ် ဝန်ကြီးချုပ် တာဝန်အပြင် ပြည်နယ် စည်ပင်သာယာဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ကို တာဝန်ယူ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။
ဦးဉာဏ်ဝင်း ဦးဆောင်သော ကော်မရှင်က စစ်ဆေး ဆောက်ရွက်နေခြင်းများနှင့် ပတ်သက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
No comments:
Post a Comment