November 15, 2016
ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ်မြို့ တစ်ခုဖြစ်သော မုံးကို မြို့ကို နိုဝင်ဘာ ၈ ရက်နေ့က စပြီး တပ်မတော်က ‘ည မထွက်ရ’ အမိန့်ထုတ်ပြန် အုပ်ချုပ်နေသောကြောင့် အဓိက ဒေသခံများ အလုပ်အကိုင် ကြပ်တည်းမှု ဖြစ်နေပါသည်။
ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ‘အပြင်မထွက်ရ’ သတ်မှတ်ထားပြီး အမိန့်မလိုက်နာသူများကိုလည်း ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
ယခုလို ဖြစ်လာရခြင်းမှာ နိုဝင်ဘာ ၆ ရက်နေ့ည ၈ နာရီက မုန်းကို စစ်ဗျူဟာ စခန်းအနီးမှာ ဗုံး တစ်လုံးပေါက်ကွဲခဲ့သောကြောင့် ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ ယင်းကြောင့် တပ်မတော်က လုံခြုံရေးတိုးမြှင့်ကာ မူဆယ်-မုံးကို-ဖောင်းဆိုင် ကားလမ်းမ ကြီးကိုလည်း မုံးကိုမှာ ဖြတ်တောက် တားဆီးခဲ့သည်။
‘ညမထွက်ရ’ အမိန့်ကြောင့်လည်း ညပိုင်းအထိ အလုပ်လုပ်ပြီး စီးပွားရှာနေသော ဒေသခံများကို အခက်အခဲ များစွာ ဖြစ်ပေါ်စေပါသည်။
နိုဝင်ဘာ ၁၂ စနေနေ့ည ၇ နာရီခန့် ဘုရားကျောင်းမှ သီးချင်းလေ့ကျင့်ပြီး ပြန်လာသော ခရစ်ယာန်ဓမ္မဆရာ တစ်ဦး ကိုလည်း အဲဒီ အမိန့်ကြောင့် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သို့သော်လည်း ဒေသခံ လူကြီးများ၏ ပြောဆိုမှုကြောင့် ပြန်လွတ်လာကြောင်း သိရသည်။
တစ်ဆက်တည်း မုံးကို ဗျူဟာမှာ ကားလမ်း ပတ်ဆို့ထားသည့်အတွက် ဖြတ်သွားဖြတ်လာ ခရီးသွား ပြည်သူများမှာ ရွာတွင်း လမ်းသွယ်လေးများမှ ကွေ့ကောက် ဖြတ်သွားနေရကြောင်း သိရသည်။
မုံးကို မြို့သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်မဟာ ၆ တပ်ရင်း ၃၈ တည်နေရာ ဖြစ်သလို အစိုးရ တပ်မတော် တပ်မ ၉၉ အဖွဲ့များ အင်အား ဖြည့်တင်းထားသော နေရာလည်း ဖြစ်ပါသည်။
Kachin News Group
No comments:
Post a Comment