Tuesday, November 15, 2016

ဇာတ်ပွဲတွင် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ သုံးဦး ဓားထိုးခံရပြီး တစ်ဦး သေဆုံးကာ နှစ်ဦးမှာ အရေးပေါ်လူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ နဂါးကျောင်းဘုန်းတော်ကြီးကျောင်း ကထိန်ပွဲတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ညနေပိုင်း ဇာတ်သဘင်ပွဲတွင် သဘင်သည်များနှင့်အတူ ကခုန်ရာမှ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ လူငယ်သုံးဦးဓားထိုးခံရပြီး တစ်ဦးသေဆုံးခဲ့ကာ ကျန်နှစ်ဦးမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီခန့်က ဇာတ်ပွဲတစ်ခု ကပြဖျော်ဖြေနေစဉ် ကျောက်ဖြူမြို့ ဒေသခံလူငယ် ၁၀ဦးခန့် ပါဝင်သော အုပ်စုနှစ်စုမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဓားထိုးခံရသူ သုံးဦးမှာ တိုးချဲ့ရပ်ကွက် နေမောင်အောင်မျိုးပိုင် (၁၆နှစ်)၊ မောင်ဟန်ဝင်းလတ်(၁၅နှစ်)နှင့် အောင်မင်းရွှေ (၁၈နှစ်) တို့ဖြစ်ကြောင်းသိရသည်။

“မနေ့က (နိုဝင်ဘာ ၁၃ ရက်) ည ၉ နာရီ ကျော်လောက်က လူငယ်သုံးဦးဒဏ်ရာတွေနဲ့ အရေးပေါ်အတွင်းလူနာဖြစ် ဆေးကုသဖို့ ဆေးရုံရောက်လာကြတယ်။ မောင်အောင်မျိုးပိုင်က ဓားဒဏ်ရာ ပြင်းထန်တဲ့အတွက်ကြောင့် ဒီနေ့နံနက် ၅ နာရီက ဆေးကုသနေစဉ်မှာပဲ သေဆုံးသွားပါတယ်။ နောက်နှစ်ယောက်တော့ အသက်အန္တရာယ် ထိခိုက်လောက်တဲ့ ဒဏ်ရာအနေအထား မရှိပါဘူး” ဟု ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မောင်အောင်မျိုးပိုင်အား ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသနေစဉ် ဒဏ်ရာပြင်းထန်သဖြင့် နိုဝင်ဘာ ၁၄ရက် နံနက် ၅ နာရီတွင် သေဆုံးသွားခဲ့ကြောင်း ကျောက်ဖြူမြို့မရဲစခန်း၏ စစ်ဆေးချက်မှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုတွင် ဓားဖြင့်ထိုးခဲ့သည့် တရားခံများမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း သိရသည်။

မောင်အောင်မျိုးပိုင်မှာ ကျောက်ဖြူမြို့ သန္တာမြေဘိုးဘွားရိပ်သာတွင် နေထိုင်ပြီး ပန်းရန်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း ကျောက်ဖြူမြို့ တိုးချဲ့(၅)လမ်းသန္တာမြေ ဘိုးဘွားရိပ်သာမှ ဆရာတော်က မိန့်ကြားသည်။

အဆိုပါသေဆုံးမှုအား ကျောက်ဖြူမြို့မ ရဲစခန်းက (ပ)၇၂၉/၂၀၁၆ရာဇသတ်ကြီး ပုဒ်မ(၃၀၂)အရ အမှုဖွင့်လှစ်ကာ အမှုအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်ကျော်သန်းက အတည်ပြုပြောကြားသည်။                                            

Writer: 

အောင်ရမ္မာ

ELEVEN

No comments: