ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးကို ကားပေါ်သို့ဆွဲတင်ပြီး အဓမ္မပြုကျင့်ရန်ကြံစည်ကာ ဓားဖြင့်ထိုးခဲ့သူအား ဖမ်းဆီးနိုင်ရန် သတင်းအစအနရရှိ နေပြီဖြစ်ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှတိုင်း၊ ခရိုင်၊ မြို့နယ်များတွင် အဖွဲ့များခွဲ၍ ပြစ်ချက်ဟောင်းရှိသူ အမျိုးသား ၁၅ ဦးခန့်အား ခေါ်ယူ၍ ကျူးလွန်သူအမျိုးသား၏ ခဲပန်းချီပုံကိုပြသကာ မေးမြန်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ကျူးလွန်သူရဲ့သတင်းအစအနကိုတော့ ရရှိနေပါပြီ။ ဖမ်းဆီးနိုင်ရေးအတွက် လုပ်ဆောင်နေပါတယ်” ဟု မင်္ဂလာဒုံမြို့မရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အောက်တိုဘာ ၂၂ ရက် နံနက်က မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမ ညောင်ပင်မှတ်တိုင်အနီးရှိ ယမုံနာလမ်းသွယ်၌ ဓားဒဏ်ရာများ ရရှိထားသည့် အမျိုးသမီးတစ်ဦးကို ကားတစ်စီးဖြင့် လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါအမျိုးသမီးမှာ အသက် ၁၈ နှစ် ခန့်ရှိပြီး လည်ပင်းတွင် ဓားဒဏ်ရာနှစ်ချက်၊ ဘယ်ဘက်လက်တွင် ဓားဒဏ်ရာနှစ်ချက်နှင့် ဦးခေါင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြောက်ဥက္ကလာပမြို့နယ်ဆေးရုံသို့ အရေးပေါ်ပို့ ဆောင်ပေးခဲ့ပြီး အမျိုးသမီးမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိခဲ့ကြောင်း သိရသည်။
မိန်းကလေး၏ ပြောပြချက်အရ ၎င်းမှာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ခင်ပွန်းနှင့် စိတ်ဆိုး၍ လမ်းလျှောက်ထွက်လာစဉ် ကားတစ်စီးမှ ဘေးနားသို့လာရပ်ကာ ၎င်းအား ကားပေါ်သို့ဆွဲတင်ခဲ့ကြောင်း၊ ထို့နောက် ကားပေါ်ရှိသူများက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း၊ ၎င်းက ရုန်းသောအခါ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လည်ပင်း၊ လက်နှင့် ဦးခေါင်းတို့တွင် ဓားဒဏ်ရာနှင့် ရိုက်နှက်ခံရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။
အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆၊ ပုဒ်မ ၃၂၃၊ ပုဒ်မ ၃၄၂ ဖြင့် အမှုဖွင့်စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။
Writer:
ဝေလင်းအောင်
ELEVEN
No comments:
Post a Comment