Monday, November 14, 2016

မန္တလေးမှ မိုးကုတ်သို့ သွားရောက်၍ ကထိန်ခင်းပြီး ပြန်လာသည့် ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ရှစ်ဦးသေဆုံး

မန္တလေးမြို့မှ မိုးကုတ်မြို့သို့ သွားရောက်၍ စုပေါင်းကထိန်ပြုလုပ်သည့် ယာဉ်တစ်စီးမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကထိန်ခင်းပြီး မိုးကုတ်မြို့မှအပြန် ကပိုင်ကျေးရွာအနီးတွင် ချောက်အတွင်း ထိုးကျသွားခဲ့ပြီး ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်တွင် ချောက်အတွင်းသို့ ထိုးကျသွားသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဆယ်နှစ်အရွယ်နှင့် အသက် ၂၀ အရွယ် ညီအစ်မနှစ်ဦးမှာ ဝါးရုံပင်ပေါ်တွင် တင်ကျန်ရစ်ခဲ့ပြီး ကားလမ်းပေါ်သို့ တက်ကာ အကူအညီ တောင်းခံခဲ့ခြင်းကြောင့် ယာဉ်သွားယာဉ်လာများမှ သိရှိကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ "၃၃ ယောက်စီး ဘတ်စ်ကားက မတ္တရာကားလိုင်းကပါ။ တိုက်လော့ ပြုတ်သွားတယ်လို့ ယူဆရပြီး ကပိုင်ကျေးရွာနားက ချောက်ထဲကို ထိုးကျသွားတာ။ ချောက်က ပေ ၈၀ လောက်နက်တယ်။ ကားသမားကတော့ ခုန်ဆင်းပြီး ထွက်ပြေးတယ်ပြောတာပဲ။ အဲ့ဒီကားက ကျွန်တော်တို့ ရှေ့ကသွားတာ။ ဖြစ်စဉ်ကိုတော့ မတွေ့လိုက်ရဘူး။ နေရာမှာတင် တစ်ယောက်သေဆုံးပြီး မိုးကုတ်ဆေးရုံကို ပို့ဆောင်စဉ်လမ်းမှာ ခုနှစ်ယောက်ဆုံးတယ်လို့ သိရတယ်။ ကျွန်တော့်ဆီမှာ အလုပ်လုပ်တဲ့ ကောင်မလေး နှစ်ယောက်ကတော့ ဖူးယောင်ဒဏ်ရာတွေရတယ်။ အသေးစိတ်တော့ မသိရသေးဘူး" ဟု ယာဉ်မတော်တဆ ဖြစ်စဉ်အား တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။

"ကျွန်တော့် သမီးနှစ်ယောက်က ကံကောင်းထောက်မစွာနဲ့ ဝါးရုံပင်ပေါ်မှာ တင်နေခဲ့ပြီး လမ်းပေါ်တက် အကူအညီတောင်းခဲ့တာ။ ပထမတော့ တချို့ကားတွေက ရပ်မပေးဘူးပေါ့။ နောက်ပိုင်းကျမှ ရပ်ပေးတဲ့ကားတွေကြောင့် ဆေးရုံကို ပို့နိုင်တယ်။ အကြီးမကတော့ ပွန်းပဲ့ဒဏ်ရာ နည်းနည်းရပေမယ့် အငယ်မလေးက ဘာဒဏ်ရာမှ မရဘူး။ ထူးဆန်းတာက သူတို့က ဝါးရုံပင်ပေါ်မှာ တကွဲတပြား မဖြစ်ပဲ အတူတူ တင်ကျန်ခဲ့တာ။ ကားပေါ်မှာက ကျွန်တော့်အဖေရယ် အဒေါ်ရယ် ပါပါတယ်" ဟု ဝါးရုံပင်ပေါ်တွင် တင်ကျန်ရစ်ခဲ့သူနှစ်ဦး၏ ဖခင်ဖြစ်သူ ဦးသိန်းဌေးက ပြောပြခဲ့သည် ။
စုပေါင်းကထိန်မှာ မန္တလေးမြို့မှ ငွေမင်းလက်ဖက်ရည်ဆိုင်၏ စုပေါင်းမဟာ ကထိန်တော်ဖြစ်သည်ဟု သိရှိရသည်။

Writer: 

မင်းသန့်

No comments: