Tuesday, September 13, 2016

အကြံပေး ကော်မရှင် ဖျက်သိမ်းပေးရေးအဆို ရခိုင်ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူ မရှိ အတည်ပြု

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဖျက်သိမ်းပေးရန်အဆို ရခိုင်ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော် အထူး အစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့၌ ကျင်းပရာတွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးကျော်ဇောဦးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဖျက်သိမ်းပေးရန် အဆို တင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြောင်း အဆိုရှင် ဦးကျော်ဇောဦးက ဆိုသည်။

နိုင်ငံသား ပေးတယ်ဆိုတာ အဲဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာကိစ္စသာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ သက်ဆိုင်တဲ့ ကိစ္စ တစ်ခုကို ဆုံးဖြတ် လုပ်ဆောင်နိုင်ဖို့ အရေးအတွက် အကြံဉာဏ်ပေးဖို့ရာ ကော်မရှင် တစ်ရပ်ကို နိုင်ငံခြားသား တစ်ဦးကို ဦးဆောင်ခိုင်းတာ၊ တခြား နိုင်ငံခြားသားတွေကို မိမိတို့ရဲ့ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက် ပြောဆိုပိုင်ခွင့် ပေးတာဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်ရာ ရောက်တယ်”ဟု ဦးကျော်ဇောဦးက ပြောကြားသည်။

သို့ရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသား သုံးဦး ပါဝင်နေခြင်းသည် မိမိတို့၏ ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေနိုင်ခြင်းကြောင့် ယင်းကော်မရှင်ကို ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင် ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း ရခိုင်အမျိုးသား ပါတီကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့၌ မဲခွဲ ဆုံးဖြတ်ရာတွင် အဆို ရှုံးနိမ့်ခဲ့သည်။

ပြည်သူ့လွှတ်တော်၌ အတည်ပြုပြီး ဖြစ်သော အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်၌ ထပ်မံ တင်သွင်းရာတွင် အဆိုရှင်ဘက်မှ ထောက်ခံသူများခြင်းကြောင့် အနိုင် ရနိုင်သော်လည်း ပြည်နယ်ဥပဒေသည် ပြည်ထောင်စုသို့ လွှမ်းမိုးနိုင်ခြင်း မရှိဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးစောထွန်းက ဆိုသည်။

“တိုင်းဒေသကြီးမှာ အတည်ဖြစ်သွားနိုင်ပေမယ့် ဒီအဆိုက ပြည်ထောင်စုအဆင့်မှာ အတည် မဖြစ်နိုင်ဘူး။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်က အုပ်ချုပ်ရေးမှာ နိုင်ငံတော်သမ္မတ၊ ဥပဒေပြုရေးမှာ ပြည်ထောင်စု လွှတ်တော်ဖြစ်တယ်”ဟု ဦးစောထွန်းက ရှင်းလင်း ပြောကြားသည်။

ရခိုင်ပြည်နယ်လွှတ်တော် အထူး အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၄၇ ဦးတွင် ၄၂ ဦး တက်ရောက်ခဲ့ပြီး လာမည့် ဒုတိယနေ့ အထူး အစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပသွားဖြစ်သည်။

No comments: