Tuesday, September 13, 2016

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဆန်ခါတင် ကုမ္ပဏီ ၁ဝ ခုခန့်သာ ထားရှိမည်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများကို သယ်ယူ ပို့ဆောင်ရန် ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီအဖြစ် လျှောက်ထားသည့် ကုမ္ပဏီ ၂ဝ ကျော် ရှိသည့်အနက် ၁ဝ ခုခန့်သာ ဆန်ခါတင် ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

“ကုမ္ပဏီနည်းလေ ကိုင်တွယ်ရတာ ပိုအဆင်ပြေလေ ဖြစ်တယ်။ အရေအတွက် နည်းနည်းကိုပဲ စည်းကမ်း ထိန်းသိမ်းတော့ လစ်ဟာမှု မရှိဘဲ ထိရောက်မှု ရှိနိုင်တယ်။ နောက်ဆုံး ကုမ္ပဏီ ဘယ်လောက်ပဲထားမယ် ဆိုတာတော့ ဆွေးနွေးရဦးမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

မထသ (ဗဟို) ကော်မတီလက် အောက်ရှိ ယာဉ်လိုင်း ၃၅၉ လိုင်းအနက် ၂၆ လိုင်းကို ပယ်ဖျက်ခဲ့ပြီး ကျန်ရှိသည့် ၃၃၃ လိုင်းထဲမှ ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီအဖြစ် ပါဝင်ရန် ကုမ္ပဏီ ၁၂ ခုကို တင်ပြထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

“ကျန်တဲ့ ယာဉ်လိုင်းတွေက ကုမ္ပဏီ မဖွဲ့နိုင်လို့ ပေါင်းစပ် ပြေးဆွဲလိုတယ်လို့ ပြောတဲ့သူ ရှိသလို၊ ဒီအတိုင်းပဲ သီးခြား ပြေးဆွဲချင်တယ်လို့ ပြောလာကြတာ ရှိပါတယ်။ လက်ရှိ ရရှိထားတဲ့ စာရင်းကိုတော့ အာဏာပိုင်အဖွဲ့က တင်ပြထားပါပြီ။ နောက်ပိုင်းကို အဲဒီအဖွဲ့ကပဲ ဆက်လက် ဆုံးဖြတ်မှာဖြစ်တယ်''ဟု ¤င်းက ဆိုသည်။

အများပိုင် ကုမ္ပဏီယာဉ်များကို ယခင်ကဲ့သို့ ကျော်တက်မောင်းနှင်ခြင်း မရှိစေဘဲ စနစ်တကျမောင်းနှင်ရန် အမှတ် ပေးစနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး စည်းကမ်းမဲ့ မောင်းနှင်ပါက သတိပေးသည့် အဆင့်ထက် ကျော်လွန်လျှင် အများပိုင် ကုမ္ပဏီအဖွဲ့ထံမှ ထုတ်ပယ်သည့်အထိ အရေးယူမည်ဖြစ်ကြောင်း ဒေါက်တာ မောင်အောင်က ပြောကြားသည်။

အများပိုင် ကုမ္ပဏီများဖြင့် သယ်ယူ ပို့ဆောင်ရေး စနစ်ကို အောက်တိုဘာလတွင် စတင်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ အဓိက လမ်းမကြီး ၂ဝ တွင် အများပိုင် ကုမ္ပဏီ ယာဉ်များသာ ပြေးဆွဲခွင့် ရမည်ဖြစ်ပြီး အများပိုင်အဖွဲ့တွင် ပါဝင်ခြင်း မရှိသည့် ယာဉ်ပိုင်ရှင်များကို အစုရှယ်ယာရှင် အဖြစ်သာ ပါဝင်ခွင် ပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေဧည့်သည်၊ မေတ္တာလှိုင်း၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး၊ မထသ (မြို့တွင်း)၊ မထသ(တောင်ပိုင်း ခရိုင်)၊ စံဝေလ၊ ရွှေရန်ကုန်စသည့် ယာဉ်လိုင်းများက အများပိုင် ဘတ်စ်ကား ကုမ္ပဏီအဖွဲ့တွင် ပါဝင်ရန် လျှောက်လွှာ တင်ထားကြောင်း မော်တော် ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။

No comments: