Tuesday, September 13, 2016

ဧည့်စာရင်းတိုင်ရန် သင့်၊ မသင့် လူထုဆန္ဒ အွန်လိုင်းမှ စစ်တမ်း ကောက်ယူ

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်းတွင်ပါရှိသည့်  ဧည့်စာရင်းတိုင်ကြားရမည့်အချက် ကို ပယ်ဖျက်သင့်၊ မသင့် အချက်နှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောဆန္ဒများကို အွန်လိုင်းမှတစ်ဆင့် စစ်တမ်း ကောက်ယူမှုများ ပြုလုပ်နေကြောင်း ရပ်/ကျေး ဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့ထံမှ သိရသည်။

ရပ်ကျေး ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့က စက်တင်ဘာလဆန်းမှ စတင်ကာ ရပ်ကျေး ဥပဒေပါ ဧည့်စာရင်း တိုင်ကြားရမည့် အချက်၊ ဧည့်စာရင်း စစ်ဆေးရမည့်အချက်၊ ယင်းနှင့်ဆက်စပ်၍ ပြစ်ဒဏ်တို့ကို ဥပဒေတွင် ဆက်လက် ထားရှိမည် (သို့မဟုတ်) ပယ်ဖျက်မည် ဟူသော ပြည်သူ့ သဘောထား စစ်တမ်း ကောက်ယူခြင်းကို အွန်လိုင်းမှ တစ်ဆင့် ပြည်သူ့ဆန္ဒ သဘောထားများ ကောက်ယူနေကြောင်း ရပ်/ကျေး ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့ဝင် မသင်ဇာရွှန်းလဲ့ရည်က ပြောသည်။

“ဧည့်စာရင်းနဲ့ ပတ်သက်တဲ့ ကိစ္စက လွှတ်တော်မှာ ဆွေးနွေးမှုတွေက ပြင်းထန်လာတယ်၊ ဒီကိစ္စက ထိလွယ် ရှလွယ်တဲ့ ကိစ္စ တစ်ခု ဖြစ်တာကြောင့် ကျွန်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့က ကိုယ့်ယူဆချက်ကို ဆွေးနွေးနေလို့ မဖြစ်တော့ပဲ အချက်အလက်နဲ့ပြောဖို့ လိုအပ်လာတယ်၊ ဒါကြောင့် ကျွန်မတို့တွေက လွှတ်တော်ကို ပံ့ပိုးကူညီချင်တဲ့ ရည်ရွယ်ချက်နဲ့ စစ်တမ်းကို ကောက်ယူခဲ့တာပါ”ဟု ၎င်းက ရှင်းပြသည်။

ယင်းစစ်တမ်းတွင် ပါဝင် ဖြေဆိုသူ၏ အမည်၊ နေထိုင်ရာ နေရာ၊ ဧည့်စာရင်းနှင့် ပတ်သက်၍ ပယ်ဖျက် လိုသလား၊ အဘယ်ကြောင့် ပယ်ဖျက်လိုကြောင်းနှင့် မပယ်ဖျက်ပဲ ထားရှိမည်ဆိုပါက အဘယ်ကြောင့် ထားရှိလိုကြောင်းများ ပါဝင်သည့် အပြင် ဧည့်စာရင်းနှင့် ပတ်သက်၍လည်း အခြား ပြောဆိုလိုသော အကြောင်းအရာများကို ရင်ဖွင့် ပြောကြားနိုင်သည့် အခန်းကဏ္ဍများ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

ရပ်/ကျေး ဥပဒေပါ ဧည့်စာရင်း တိုင်ကြားရမည့် အချက်ကို ပယ်ဖျက်လိုက်ပါက ရာဇဝတ်မှု ကျူးလွန်သူများ၏ အန္တရာယ်နှင့် အခြား သူစိမ်းများ မိမိတို့ ရပ်ကွက်/ကျေးရွာ အတွင်းသို့ ဝင်ရောက်လာနိုင်သည်ကို နယ်မြို့နေ ပြည်သူများက စိုးရိမ်မှုများ ရှိနေကြောင်း စစ်တမ်း ကောက်ယူချက်များအပေါ် အခြေခံ၍ ၎င်းက ဆိုသည်။

အလားတူပင် ဧည့်စာရင်း တိုင်ကြားခြင်းသည် အပိုအလုပ် တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများမှလည်း နေ့စဉ်လစဉ် ထိရောက်စွာ စစ်ဆေးနိုင်ခြင်းများ မရှိသောကြောင့် မညီမျှမှုများ ရှိနေပြီး ပုဂ္ဂလိက လူ့အခွင့်အရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ  ရောက်နေသောကြောင့် ဖျက်သိမ်းသင့်သည်ဟု ယူဆသူများလည်းရှိကြောင်း ရပ်/ကျေး ဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့၏ စစ်တမ်းများအရ သိရသည်။

ရပ်/ကျေး ဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များနှင့် ထိတွေ့မှုများ ရှိသောကြောင့် ယခုစစ်တမ်းသည် ပြည်သူများ၏ သဘောထားအမြင်များကို ဘက်လိုက်မှု မရှိပဲ ရှင်းလင်းစွာ ကောက်ခံသွားမည်ဖြစ်ပြီး ယင်းမှ ရရှိလာသော ခိုင်မာသည့် အချက်အလက်များကို ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်သို့ သတင်းအချက်အလက် ထောက်ပံ့သည့် အသွင်နှင့် ပေးပို့သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိလွှတ်တော်တွင် ဆွေးနွေးနေသည့် ရပ်/ကျေး ဥပဒေကြမ်းတွင် ဧည့်စာရင်း တိုင်ကြားရမည့်အချက် ပယ်ဖျက်ရန်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပိုင်ခွင့်နှင့် ပညာရေး ကန့်သတ်ထားသည့် အချက်များအပါ အဝင် အဓိက အချက် ၁ဝ ချက်ကို ရပ်/  ကျေးဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့၏ တင်ပြ တောင်းဆိုမှုအပေါ် ဆွေးနွေးလျက် ရှိသည်။

No comments: