ရန်ကုန်၊ စက်တင်ဘာ ၁၂
Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးရန် လက်ခံထားပြီးမှ ရိုက်ကွင်းသို့ ရောက်ရှိမလာခဲ့သည့် သရုပ်ဆောင် ဖွေးဖွေးကိစ္စနှင့် ပတ်သက်၍ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က The Voice သို့ ပြောကြားသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူဘက်က ကျွန်တော့်ကို စာတစ်စောင်ပို့ ထားတာရှိပါတယ်။ အဲ့ဒီစာပေါ် မူတည်ပြီးတော့ သူ့ကိစ္စရော၊ ဒီနေ့ကျွန်တော်တို့ ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှု၊
နစ်နာမှု၊ ကျွန်တော်တို့အတွက် သိက္ခာကျမှု အားလုံးအတွက်ရော ဥပဒေအရ ဘာဆက်လုပ်ရမလဲ ဆိုတာကို ကျွန်တော် တိုင်ပင်နေတုန်းပါပဲ" ဟု ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်သွားမည့် အကြောင်းအရာများကို ၎င်းက ထပ်လောင်းပြောဆိုသည်။
Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးရန် အတွက် သရုပ်ဆောင် ဖွေးဖွေးကို အနုပညာကြေး ကျပ် ၄၅ သိန်းဖြင့် ကမ်းလှမ်းခဲ့ပြီး ၎င်းကလည်း သဘောတူ လက်ခံခဲ့ကြောင်း၊ စရန်ငွေ ကျပ်သိန်း ၂၀ ကိုလည်း ပေးချေပြီးဖြစ်ကြောင်း၊ ကြော်ငြာရိုက် ကူးမည့်နေ့တွင် ရောက်မလာခဲ့သည့်အတွက် သရုပ်ဆောင်ဖွေးဖွေး၏ ပျက်ကွက်မှုကို ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြားခဲ့သည်။
ယင်းဖြစ်ရပ်မှ အစပြု၍ မြန်မာနိုင်ငံမှ အနုပညာရှင်များအနေနှင့် စာချုပ်စာတမ်းများနှင့် အလုပ်လုပ်ရန် လိုအပ်ပြီဟု ပြောချင်ပြီး၊ ၎င်းတို့ဘက်မှ အဆင်ပြေသည့် အချိန်၊ နေရာနှင့် အနုပညာကြေးများကို တောင်းဆိုနိုင်ကြောင်း၊ စာချုပ်စာတမ်း ချုပ်ဆိုပြီးပါကမူ တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောကြားသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောတဲ့အတွက် ကျွန်တော် တော်တော်လည်း အမုန်းခံရပါတယ်။ အခုလိုပြောရတာ ကျွန်တော် တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ နောင်မှာ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ၊ မင်းသားတွေ၊ မင်းသမီးတွေရဲ့ကြားမှာ တိတိကျကျ ခိုင်ခိုင်မာမာ အလုပ်တွေ လုပ်စေချင်လို့ပါ" ဟု ၎င်းက ဆိုသည်။
မကြာသေးခင်က ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်တွင်လည်း ဒါရိုက်တာနှင့် ထုတ်လုပ်သူများက သရုပ်ဆောင်များကို စာချုပ်စာတမ်းနှင့် အလုပ်လုပ်ရန် တောင်းဆိုခဲ့ကြသေးသည်။
"ကျွန်တော်ထင်တာတော့ မင်းသား၊ မင်းသမီးတွေက စာချုပ်မှာ လက်မှတ်ထိုးမယ် မထင်ဘူးဗျ။ နိုင်ငံခြားက လူတွေကျတော့ ဈေးကွက်လည်းရှိတယ်။ နိုင်ငံခြားဆိုတော့ ရိုက်ချင်ကြတယ်။ ပိုက်ဆံလည်း ပိုပေးတော့ သူတို့ လက်မှတ်ထိုးကြတယ်ဗျ။ ဒီမှာကတော့ တိုးတက်ရာ တိုးတက်ကြောင်း တစ်နိုင်တစ်ပိုင်နဲ့ လုပ်နေကြရတာလေ။ အဲ့ဒီတော့ စာချုပ်တွေနဲ့ တိတိကျကျ လုပ်လာရင် သူတို့ဘက်က စတင် လိုက်လျောဖို့တော့ ခက်တယ်။ ဒီတိုင်းနေမယ့်အစား အခု ကျွန်တော်တို့ ခြေလှမ်းစပြီပေါ့" ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် ဖွေးဖွေး၏ မှတ်ချက်စကား ရရှိနိုင်ရန် စက်တင်ဘာလ ၁၂ ရက်နေ့ည ၈ နာရီအထိ ဖွေးဖွေးထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသဖြင့် ဖော်ပြနိုင်ခြင်း မရှိပေ။
No comments:
Post a Comment