Thursday, September 1, 2016

မသန်စွမ်းကလေးများအတွက် ပညာရေးညီလာခံ နိုဝင်ဘာလကုန်ပိုင်း ပြုလုပ်မည်

ရန်ကုန်၊ သြဂုတ် ၃၁

အတန်းပညာ သင်ကြားရေး အခက်အခဲ ရှိနေဆဲဖြစ်သော မသန်စွမ်း ကလေးများ၏ ပညာရေးနှင့် ပတ်သက်သည့် ညီလာခံ တစ်ရပ်ကို လာမည့် နိုဝင်ဘာ လကုန်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထူး ပညာရေးအသင်း၏ အတွင်းရေးမှူး ဦးဒေးဗစ်ဇော်ဒိမ်က The Voice သို့ ပြောကြားသည်။

အဆိုပါ ညီလာခံကို နိုဝင်ဘာလ ၂၃ ရက် နေပြည်တော်တွင် ပြုလုပ်ရန် လျာထားသော်လည်း ယင်းညီလာခံ ရက်သတ်မှတ်ရေးနှင့် နိုင်ငံတော် အကြီးအကဲများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်နိုင်ရန် အသေးစိတ် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် ကျန်ရှိသေးကြောင်း အဆိုပါ  အသင်းထံမှ သိရှိရသည်။

“အခက်အခဲတွေနဲ့ ဖြေရှင်းရမယ့် နည်းလမ်းတွေကို အစိုးရ တာဝန်ရှိသူတွေ သိသွားမှ ကျွန်တော်တို့ နောက်ဆက်တွဲ လုပ်ရတာတွေ အဆင်ပြေမှာ”ဟု ဦးဒေး ဗစ်ဇော်ဒိမ်က ပြောကြားသည်။

ညီလာခံတွင် နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းများမှ အထူး ပညာရေး ကျွမ်းကျင်သူများ၊ လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အထူးပညာရေးအသင်း တာဝန်ရှိသူများက ယင်း အခြေအနေများကို ရှင်းလင်း ဆွေးနွေးမည်ဖြစ်ပြီး ဝိုင်းဝန်း အဖြေရှာမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် မသန်စွမ်း ကလေးငယ်များအတွက် ဥပဒေများ အတည်ပြု ထားသော်လည်း နည်းဥပဒေများ မထွက်ရှိသေးခြင်းကို အစိုးရအား တိုက်တွန်းရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ အထူး ပညာရေးအသင်းထံမှ သိရှိရသည်။

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေ စစ်တမ်းအရ တစ်နိုင်ငံလုံး စုစုပေါင်း လူဦးရေ၏ ၁ ဒသမ ၇ ရာခိုင်နှုန်းသည် ဉာဏ်ရည် မသန်စွမ်းသူများ ဖြစ်ကြောင်း ဖော်ပြထားပြီး ၂ဝ၁၅ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံ အထူး ပညာရေးအသင်းက ကောက်ယူထားသည့် စာရင်းအရ အထူး ဂရုပြု စောင့်ရှောက်ရန် လိုအပ်သည့် ကလေးငယ်များ ပြုစုပျိုးထောင် လေ့ကျင့်ပေးသည့် ကျောင်းအရေအတွက် တစ်နိုင်ငံလုံးတွင် ၄၂ ကျောင်းခန့်သာ ရှိကြောင်း ယင်းအသင်းထံမှ သိရှိရသည်။   

No comments: