မိတ္ထီလာ၊စက်တင်ဘာ ၂၁
မိတ္ထီလာ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်က ကျန်းမာရေး စစ်ဆေး မှု ပြုလုပ်ခဲ့ရာတွင် မူးယစ်မှုဖြင့် အကျဉ်းသား အများစုတွင် ခုခံအား ကျဆင်းမှုရောဂါ ရှိနေသည်ကို တွေ့ရှိရကြောင်း မိတ္ထီလာမြို့နယ် ခုခံကျနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကျန်းမာရေး စစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဦးစီး ဌာနနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန Global Fund ၏ ထောက်ပံ့မှုဖြင့် ဆေးများ ပေးကြောင်း အဆိုပါအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးကျော်က ပြောကြားသည်။
မိတ္ထီလာ အကျဉ်းထောင်အတွင်း ခုခံအားကျ ရောဂါစစ်ဆေးရာတွင် ရောဂါ တွေ့ရှိသူ အများစုမှာ မူးယစ်ဆေး အကြောတွင်း ထိုးသွင်းသူများဖြစ်ပြီး မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ၀န်းသို၊ လားရှိုးမြို့နယ်များမှ မိတ္ထီလာသို့ ထောင်ပြောင်းရွှေ့လာသူများဖြစ်ကာ အသက် ၂၀ နှင့် ၃၀ ကြား လူငယ်များဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
"အကျဉ်းသားတွေကို ဆေးစစ်တယ်။ ဆေးသောက်နေရတဲ့ လူတွေကိုလည်း နှစ်သိမ့် ဆွေးနွေးတယ်။ ထောင်ကလည်း သူတို့ကို လိုအပ်တာတွေ လုပ်ပေးတယ်။ HIV သမားတွေကို စားနပ်ရိက္ခာ ပြင်ပေးတယ်" ဟု ဒေါက်တာအေးအေးကျော်က ဆိုသည်။
အဆိုပါ အကျဉ်းသားအချို့တွင် တီဘီရောဂါနှင့် အသည်းရောင်စီပိုး ရောဂါကိုပါ တွေ့ရှိရပြီး တီဘီသမားများကို ဆေးစစ်ရာတွင် သလိပ်ပိုးသာ စစ်ဆေးရခြင်းဖြစ်ရာ ဓာတ်မှန်ရိုက်ရန် လိုအပ်ကြောင်း၊ နှစ်ကြီး အကျဉ်းသားများကို အကျဉ်းထောင်ပြင်ပတွင် ဓာတ်မှန်ရိုက်ရန်မှာ အခက်အခဲရှိသဖြင့် ၎င်းတို့အတွက် ရွှေ့ပြောင်း ဓာတ်မှန်စက် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မိတ္ထီလာ အကျဉ်းထောင်တွင် ခုခံအားကျ ရောဂါရှိသူ အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီးငါးဦးရှိပြီး ၎င်းတို့အနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးမှာ တီဘီရောဂါပါ ပူးတွဲတွေ့ရကြောင်း၊ ထို့ပြင် အမျိုးသားတစ်ဦးမှာ ဆေးယဉ်ပါး တီဘီရောဂါ ခံစားနေရကြောင်း ဆေးကုသမှု မှတ်တမ်းများအရ သိရသည်။
No comments:
Post a Comment