Thursday, September 22, 2016

အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်အချို့ကို ကလေးသူငယ်ဥပဒေ ဖြင့်ထပ်မံ အမှုဖွင့်

ရန်ကုန် ၊စက်တင်ဘာ ၂၁

အိမ်အကူ မိန်းကလေးနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့သော အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင် အချို့ကို ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ တရားစွဲဆိုထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ၏ Facebook စာမျက်နှာတွင် ရေးသားလိုက်သည်။

နှိပ်စက်ခံခဲ့ရသော အမျိုးသမီးငယ် နှစ်ဦးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ၊လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူ စောင့်ရှောက်ထားကြောင်း ၎င်းက ဆက်လက်ဖော်ပြသည်။

ဆယ်ကျော်သက်အရွယ် အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့သောကြောင့်  အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာနှင့် ၎င်း၏ သမီးဖြစ်သူ မစုမွန်လတ်တို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူပေးရန် ကျောက်တံတားမြို့မရဲစခန်းတွင် စက်တင်ဘာလ ၂၀ ရက်နေ့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရားလိုပြု တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့က အမှုဖွင့်ပြီးနောက် အင်းဝအပ်ချုပ်ဆိုင် ဆိုင်ရှင် ဒေါ်တင်သူဇာနှင့် သမီးဖြစ်သူ မစုမွန်လတ်တို့မှာ စက်တင်ဘာ ၂၀ ရက် ည ၇နာရီခန့်တွင် ၎င်းတို့ နေအိမ်မှ ထွက်ပြေး တိမ်းရှောင်ခဲ့သော်လည်း ဒေါ်တင်သူဇာကို သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ နေအိမ်၌ ယင်းနေ့ ည ၁၀ နာရီက ဖမ်းဆီးရမိခဲ့သည်။

ဆယ်ကျော်သက်အရွယ် အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး ကျန်ရှိသည့် ပြစ်မှု ကျူးလွန်သည်ဟု ဆိုသူများဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဦးတင်မင်းလတ်(ခ)ဖိုက်ဇယ်သည် စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အသက် ၂၇ နှစ်အရွယ်ရှိ မစုမွန်လတ်သည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင်လည်းကောင်း ကျောက်တံတား ရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခြင်း ဖြစ်သည်။

No comments: