Friday, September 2, 2016

၂ဝ၁၈ ခုနှစ် နှစ်စပိုင်း၌ ဧရာချမ်းသာအဆင့်မြင့် အိမ်ရာစီမံကိန်းတွင် အခန်းဝယ်ယူထားသော အခန်းပိုင်ရှင်များကို အိမ်ခန်းများအပ်နှံမည်


ဒဂုံဆိပ်ကမ်းမြို့နယ် အဝင်ဝနှင့် ဧရာဝဏ်လမ်းမကြီးဘေးရှိ တိုင်းရင်းသား ယဉ်ကျေးမှုတက္ကသိုလ်နှင့် ကပ်လျက်နေရာတွင် တည်ရှိသော ဧရာချမ်းသာ အဆင့်မြင့် အိမ်ရာစီမံကိန်းတွင် အခန်းဝယ်ယူထားသော အခန်းပိုင်ရှင်များကို လာမည့် ၂ဝ၁၈ ခုနှစ် နှစ်စပိုင်း၌ အိမ်ခန်းများ အပ်နှံတော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
အဆိုပါ ဧရာချမ်းသာအဆင့်မြင့် အိမ်ရာစီမံကိန်းကို နိုင်ငံတကာအဆင့်မီ အိမ်ရာများ ပေါ်ထွန်းစေရေးအတွက် ရည်ရွယ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ချမ်းသာရွှေမြေ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
 
ဧရာချမ်းသာ အဆင့်မြင့်အိမ်ရာ စီမံကိန်းအား ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်းစတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ ၁၄ လုံး ပါဝင်ကာ အဆောက်အအုံ တစ်လုံးလျှင် အထပ်မြင့် ၁၈ ထပ်စီပါဝင်ပြီး အိမ်ခန်းများ၏ အခန်းများ ဖွဲ့စည်းထားပုံအရ အခန်းတစ်ခန်းလျှင် အခန်းအကျယ်အဝန်းမှာ ၆ဝဝ/၁၂ဝဝ စတုရန်းပေ ရှိကြောင်း သိရသည်။
 
အဆောက်အအုံ တစ်လုံးလျှင် အဆင့်မြင့် ဓာတ်လှေကား သုံးစင်းစီပါဝင်မည် ဖြစ်ပြီး အဆောက်အအုံများအတွင်း အရေးပေါ်မီးသတ် စနစ်များ၊ အရေးပေါ်လှေကားများ၊ ရေဆိုးရေသန့်စနစ်များ၊ ကလေးကစားကွင်းများ၊ ရေကူးကန်များ၊ အားကစားခန်းမ များနှင့် ဈေးဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကာ ပတ်ဝန်းကျင် စိမ်းလန်းမှု ဧရိယာအဖြစ် ထည့်သွင်းဖန်တီး လုပ်ဆောင်ထားသည်ဟု ဆိုသည်။
 
ဧရာချမ်းသာ အဆင့်မြင့်အိမ်ရာ စီမံကိန်းမှ အခန်းများကို တစ်ခန်းလျှင် ငွေကျပ်သိန်း ၆၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး ရောင်းချမည့်ပုံစံအရ Plan A မှာ ကနဦး ၂ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ငွေကျပ် သိန်း ၁၂ဝ ကို ပေးသွင်းရ မည်ဖြစ်ကာ တစ်လလျှင် ငွေကျပ် ခြောက်သိန်းနှုန်းဖြင့် ၂၄ လ ငွေပေးသွင်းရမည်ဖြစ်သည်။ ထို့နောက် ငွေပေးသွင်းထားသူအား အခန်းအပ်နှံမည်ဖြစ်ပြီး ကျန်ငွေကျပ်သိန်း ၃ဝဝ ကို အပြီးသတ်မပေးသွင်းနိုင်ပါက လည်း အရစ်ကျစနစ်ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ Plan B မှာ နိုင်ငံတကာမှ အလုပ်လုပ်ပြီး ပြန်လာသည့် ပြည်သူလူငယ်များဖြစ်သော အိုးအိမ်အသစ် ထူထောင်မည့် လူငယ်များအတွက် ငွေတစ်လုံးတစ်ခဲတည်း ပေးဆောင်ရန် မလိုသော လစဉ်အရစ်ကျ ၄ နှစ်မှ ၁၄ နှစ်ထိ ငွေပေးသွင်းနိုင်သည့် အစီအစဉ်ဖြစ်သည့် အနည်းဆုံး တစ်လလျှင်ငွေကျပ် ခုနစ်သိန်း ရှစ်သောင်းမှစ၍ နှစ်အလိုက်ပေးသွင်းမည့် ပမာဏငွေပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ရယူပိုင်ဆိုင်နိုင်မည့် အထူးအခွင့်အရေး များကို စီစဉ်ထားသေးကြောင်း သိရသည်။
 

No comments: