Friday, September 2, 2016

ဖားကန့်တွင် ရေကြီးသည့်နေရာများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကူညီမှုများ ဆောင်ရွက်

ဖားကန့်မြို့နယ်အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများကို အကူအညီပေးနိုင်ရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် သတ္ထုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီး ဦးလအောန်က စက်တင်ဘာ ၂ ရက်တွင် The Ladies သို့ပြောသည်။
 
“အခုဖားကန့်အခြေအနေက တံတားမြုပ်ခါနီးဖြစ်နေတယ်လို့ သိထားရတယ်။ ဖားကန့်၊ လုံးခင်း အဲ့ဒီဘက်တွေမှာ ရေကြီးနေတယ်။ အကူအညီပေးနိုင်ဖို့ကို ပြည်နယ်အစိုးရက ဆောင်ရွက်နေပါတယ်။ မြစ်ကြီးနားဘက်မှာလည်း ရေတွေပြန်တက်နေတယ်” ဟု ၀န်ကြီး ဦးလအောန်က ပြောသည်။
 
ဖားကန့်ဒေသတွင် ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်ညပိုင်းမှ စတင်ကာမိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်ငါးခု ရှိသည့်အနက် မှော်ဝမ်းရပ်ကွက်မှ လွဲ၍ ကျန်ရပ်ကွက် လေးခုဖြစ်သည့် မြို့မ၊ မရှီတထောင်၊ ငှက်ပျောတောနှင့် အေးမြသာယာရပ်ကွက်တို့တွင် ရေကြီးနစ်မြုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
 
ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်ကြရသူများကို ဒေသတွင်းလူမှုရေး အဖွဲ့အစည်းများက ထမင်းထုပ်များ လိုက်လံဝေငှနေကြပြီး ၊ လတ်တလော အခြေအနေအရ ကချင်ပြည် နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သောကြောင့် တောင်ကျရေ အန္တရာယ်နှင့် ရေကြီး နစ်မြုပ်မှုဘေး သတိထားရန် မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။
 
ဇော်မင်းထွန်း
The Ladies News

No comments: