Friday, September 2, 2016

တီကျစ် ကျောက်မီးသွေးစက်ရုံ လုပ်ကိုင်ခွင့် တရုတ်နိုင်ငံကို နှစ် ၂၀ ကျော် ခွင့်ပြုထားဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်တရား မြို့နယ်ခွဲ သပြေပင်ရွာအနီးရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တရုတ်နိုင်ငံသို့ လုပ်ကိုင်ခွင့် ၂၂ နှစ် ခွင့်ပြုထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦးစောမိုးမြင့်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ လည်ပတ်ခွင့်ပြုခြင်းကို လွှတ်တော်မှတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံ မေးမြန်းခဲ့ရာတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

တင်ဒါအောင်မြင်ထားသည့် တရုတ် နိုင်ငံ Wuxi Huaguang Electric Power Engineering Co., Ltd. နှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် နှစ်ရှည်ငှားရမ်းခြင်း ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ကာလ ၂၂ နှစ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါစက်ရုံကို ၂၀၀၁ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ် မှ၂၀၁၄ ခုနှစ်အထိ လည်ပတ်ခဲ့ကာ လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ထွက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ယခုအခါ တီကျစ်စက်ရုံ ပြန်လည် လည်ပတ်ရန် တရုတ်နိုင်ငံက စီမံကိန်းများ စတင် လုပ်ဆောင်နေသောကြောင့် ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူမှုအဖွဲ့အစည်းများက ကန့်ကွက်လျက်ရှိသည်။

အဆိုပါ ကျောက်မီးသွေးစက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ကျေးရွာသောက်သုံးရေကန်ထဲသို့ ပြာမှုန့်များ လွင့်ခြင်းအပြင်  စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့်လည်း စိုက်ပျိုးမြေ ပျက်စီးပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ပတ် ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။

အလားတူ ကော့သောင်းမြို့ရှိ ရှစ်မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် ၁၅ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် သုံး မဂ္ဂါဝပ် စက်ရုံတို့ကို တည်ဆောက်ထားပြီး နိုင်ငံတော် ပင်မဓာတ်အားပေးစနစ်နှင့် ချိတ်ဆက် ထားမှု မရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

No comments: