စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်တွင် အများပြည်သူများ စိတ်အနှောင့်အယှက်၊ အန္တရာယ်မဖြစ်စေရန် တရားမဝင် ရောက်လာသည့် မီးရှုး၊ မီးပန်း၊ ဗြောက်အိုး၊ ဗြောက်ထုပ်များကို ကား ဂိတ်၊ သဘောင်္ဆိပ်၊ ဘူတာရုံများတွင် ရဲတပ်ဖွဲ့မှ ဦးစီး၍ စစ်ဆေးဖမ်းဆီး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးမှုတွင် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အုပ်ချုပ်ရေး အဖွဲ့များဖြင့် ပူးပေါင်းစစ်ဆေး သွားမည်ဖြစ်ပြီး ဒေသန္တရအမိန့်အမှတ်(၃/၂၀၁၆)ကို စက်တင်ဘာ(၁၅)ရက်နေ့က ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
“သီတင်းကျွတ်မှာ မီးရှုး၊ မီးပန်းဖောက်တာ အစဉ်အလာ ဖြစ်နေပေမယ့် ဒီဘက်ခေတ်မှာတော့ အသံတွေကျယ်တယ်။ အသက်ကြီးသူ၊ ကျန်းမာရေး မကောင်းသူတွေ ထိတ်လန့်စေတယ်။ မီးဘေးအန္တရာယ် စိုးရိမ်ရတယ်။ ဒီအသံတွေနဲ့ ရောပြီး မလိုလားအပ်တဲ့ ပြသ၁နာတွေ ရှိနိုင်တယ်လေ”ဟု ကသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။
အဆိုပါ ဒေသန္တရအမိန့်တွင် မီးရှုး၊ မီးပန်း၊ ဗြောက်အိုး၊ ဗြောက်ထုပ်များ ပစ်ဖောက်ခြင်း၊ ပစ်လွတ်ခြင်း၊ ဆော့ကစားခြင်း၊ ရောင်းချသယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရပ်ရွာအေးချမ်းရေးအား နည်းလမ်း တစ်ခုခုဖြင့် ထိခိုက်စေခြင်း၊ အားပေးအားမြောက်လုပ်ခြင်း၊ လမ်းပေါ်တွင် အော်ဟစ်ဆူညံခြင်း၊ မူးယစ်သောက်စားခြင်း၊ ယာဉ်များ စည်းကမ်းမဲ့ မောင်းခြင်းမပြုရန် စည်းကမ်းထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ခြင်းမရှိပါက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ (၁၈၈)အရ အရေးယူ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
“ခုလို ထုတ်ပြန်တာ ကောင်းပါတယ်။ သီတင်းကျွတ်ကို အေးအေးဆေးဆေး ဖြတ်သန်းချင်တယ်။ ဆူညံ့နေတဲ့ ဗြောက်အိုးတွေ မီးရှုးမီးပန်းတွေကြောင့် မီးဘေးလည်း ကြောက်ရတယ်။ လူကြီးတွေ ထိတ်လန့်မှုမရှိတော့ မြန်မာ့ဓလေ့နဲ့အညီ သွားလာကန်တော့ မီးထွန်းပွဲကြည့်ရတာ လုံခြုံမှုရှိပြီး အန္တရာယ်ကင်းတာပေါ့” ဟု ကသာမြို့၊ ရပ်ကွက်(၅)မှ ဒေါ်မြင့်စန်းက ပြောသည်။
အဆိုပါ ဒေသန္တရအမိန့်ကို ကသာမြို့နယ် ဥပဒေရုံး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး(အားလုံး)၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်မီးသတ်ဦးစီးဌာနများသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
MMK
The Ladies News
No comments:
Post a Comment