Friday, September 2, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဘရူနိုင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ



နေပြည်တော်၊ စက်တင်ဘာ ၂
ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ယနေ့ နေ့လယ်ပိုင်းတွင် ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့်ဇနီး၊ သံရုံးမိသားစုများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သံရုံးသို့ရောက်ရှိရာ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမိသားစုများက ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့်အတွက် ပိုမိုစည်းလုံးကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားသွားရမည် ဖြစ်ကြောင်း၊ ဘရူနိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများကိုလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သံရုံးမိသားစုများအနေဖြင့် ကျန်းမာရေးဂရုစိုက်ကြရန်၊ တာဝန်ကိုကျေပွန်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ဘ၀တက်လမ်းအတွက်လည်း ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှုရှိစေရေး ကြိုးစားတည်ဆောက်သွားကြရန်မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့်ဇနီး၊ သံရုံးမိသားစုများအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံးမိသားစုများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

No comments: