မြစ်ကြီးနား၊ စက်တင်ဘာ ၁၈
ဧရာဝတီ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ဘက်စုံ၊ ထောင့်စုံမှ လေ့လာ သုံးသပ်ပြီး နိုင်ငံနှင့် ပြည်သူလူထု အကျိုးဖြစ်စေမည့် အစီရင်ခံစာကို တင်ပြသွားမည်ဖြစ်ကြောင်း ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။
“ဒီကော်မရှင်ဟာ ပြည်သူလူထု ရွေးချယ်ထားတဲ့ အစိုးရကနေ ရွေးချယ် ဖွဲ့စည်းထားတယ်။ ဒီကော်မရှင်မှာ အင်မတန် တော်တဲ့၊ တတ်တဲ့ပညာရှင်တွေ အများကြီးပါပါတယ်။ ဒီကော်မရှင်ကနေ နိုင်ငံရဲ့အကျိုး၊ ပြည်သူတွေရဲ့အကျိုးကို ဦးစားပေးပြီးတော့ အစီရင်ခံစာကို တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ထပ်မံ ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ယနေ့ (စက်တင်ဘာ ၁၈ရက်) တွင် ပြုလုပ်သည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်နှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒီမြစ်ဆုံ တည်ဆောက်မှုကို နိုင်ငံတကာ အတတ်ပညာရှင်၊ ပြည်တွင်း ပညာရှင်များက လေ့လာ သုံးသပ်ပြီး ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်စေချင်တယ်။ ပြည်သူတွေကတော့ မလုပ်ဖို့ဘဲ ကန့်ကွက်ပါတယ်”ဟု မြစ်ကြီးနား မြို့မမြို့ဖ ကိုယ်စားလှယ် ဦးလခရီးဇော်ဘောက်က ပြောသည်။
ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် အနေဖြင့် လိုအပ်ပါက နိုင်ငံတော်သမ္မတထံ ကြားဖြတ် အစီရင်ခံစာ တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဟု ယင်းကော်မရှင် အတွင်းရေးမှူး ဒေါက်တာဝင်းသိမ်းကလည်း အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသည်။
“ကော်မရှင် အနေနဲ့ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုများ ပထမဆုံး အစီရင်ခံစာကို နိုဝင်ဘာလ ၁၁ ရက် တင်ပြနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ လိုအပ်ပါက ပထမ အစီရင်ခံစာ မတင်မီ ကြားဖြတ် တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြစ်ကြီးနားရှိ မြို့မိမြို့ဖများ၊ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား အဖွဲ့ အစည်းများနှင့် အဖွဲ့အစည်းပေါင်း ၁၀ ကျော်မှ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း အစီရင်ခံစာများ တင်ပြခဲ့ကြသည်။
မြစ်ဆုံ စီမံကိန်းကို ၂ဝဝ၆ ခုနှစ်၌ တရုတ်-မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများကို တရုတ် အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်ခဲ့သည်။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၂ဝ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ ထားပြီး စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်မဂ္ဂါဝပ် ၆ဝဝဝ ကို တရုတ်နိုင်ငံက အများစု သုံးစွဲမည်ဖြစ်ပြီး မြန်မာနိုင်ငံက ရာခိုင်နှုန်း အနည်းငယ်သာ သုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားချက်များအရ သိရသည်။
No comments:
Post a Comment