ဓာတ်ပုံ - အောင်ကျော်ထက်
ကျွန်ုပ်တို့
ယခုလို စာရေးသားနိုင်ခြင်းသည် မွေးရာပါ တတ်မြောက်လာခြင်း မဟုတ်ပါ။
စာရေးနိုင်ရန် စာဖတ်ရသည်။ စာဖတ်နိုင်ရန် စာတတ်အောင်သင်ခဲ့ရသည်။ ဆရာသမား
မိဘညီအစ်ကို မောင်နှမများထံမှ သင်ယူရသည်။ မသိတာ၊ မတတ်တာကို မေးရသည်။
မှားနေလျှင် သူတို့က ပြင်ပေးသည်။ အမှန်ကို ညွှန်ပြသည့် အတွက် ကျွန်ုပ်တို့
စာတတ်လာသည်။ စာဖတ်တတ်လာသည့် အတွက် အသိပညာ၊ အတတ်ပညာ ဗဟုသုတ တိုးပွားလာသည်။
အကယ်၍သာ စာရေး စာတတ်အောင် သင်ပြပေးနိုင်သော၊ လမ်းညွှန်ဆုံးမနိုင်သော၊
ဆရာသခင် ကျေးဇူးရှင်တို့နှင့် လွဲချော်ခဲ့လျှင် အခွင့်မကြုံခဲ့လျှင်
ကန်းနေသူနှင့် ကျိုးနေသူကဲ့သို့ဖြစ်မှာ သေချာပါသည်။
ယနေ့အခါ ကျွန်ုပ်တို့တွေ ဘုရားတရား သံဃာဆိုသည့် ရတနာသုံးပါးနှင့် တွေ့ကြုံခံစား အကျိုးများနိုင်သည်မှာ တန်ဖိုးမဖြတ်နိုင်အောင် ရှိပါသည်။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် လက်ရှိလူ့ဘ၀၊ နောက်ဘ၀၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကောင်းကျိုး ဖြစ်ထွန်းအောင် နေထိုင်ကျင့်ကြံနိုင်ကြသည်။ ဘ၀နေနည်း ကုသိုလ်ဖြစ်ခြင်းနှင့် ဘ၀ကို အသုံးချနိုင်ကြသည်မှာ ဆရာသခင် ကျေးဇူးရှင်တို့ကြောင့်သာ ဖြစ်သည်။
ဆရာသခင် ကျေးဇူးရှင်တို့ရှိရာ ပျော်မွေ့ရာ ကျောင်းတော်များ၏ သက်တမ်းအလိုက် အမှတ်တရ ဂုဏ်ပြုပွဲများလည်း ပြုလုပ်လေ့ရှိသည်။ ငွေရတု၊ ရွှေရတု၊ စိန်ရတု စသည်ဖြင့် သတ်မှတ်ကျင်းပလေ့ ရှိပါသည်။ ကျွန်ုပ်ငယ်စဉ်အရွယ်က ပညာရည်နို့ သောက်စို့ခဲ့သော သာကေတ အထက (၂) ကျောင်းတော် ကြီးသည်လည်း နှစ်ပေါင်းငါးဆယ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ကြမ်းတမ်းခက်ခဲသော နှစ်ငါးဆယ်ခရီးကို ဆင်းရဲချို့တဲ့စွာ ဖြတ်သန်းနိုင်ခဲ့သော ကျောင်းတော်ကြီးကို လေးစားဂုဏ်ပြုသည့် အနေဖြင့် ရွှေရတု အထိမ်းအမှတ် ပြုလုပ်မည် ဖြစ်သည်။ ဆင်းရဲနွမ်းပါးသော မြို့သစ်တစ်ခု၏ ချုံနွယ်သစ်ပင်များအကြား ရွံ့နွံဗွက်အိုင်များ အလယ်မှာ ရပ်တည်လာခဲ့ရသော ကျောင်းတော်ကြီး၏ နှစ်ငါးဆယ်ခရီးမှာ မည်မျှခက်ခဲမည်၊ အားမွေးခဲ့ရမည်ဆိုတာ မှန်းဆနိုင်ပါသည်။
ရွှေရတု အထိမ်းအမှတ်ပွဲတော်တွင် မဂ္ဂဇင်းထုတ်ဝေခြင်း၊ ပျော်ပွဲရွှင်ပွဲနှင့် လူငယ်များအတွက် အစီအစဉ် ကောင်းများ ပါဝင်သည်။ ဆရာသခင် ကျေးဇူးရှင်တို့ကို ဂါရ၀ပြုကန်တော့မည်ဖြစ်သည်။ ဆရာသခင် ကျေးဇူးရှင်တို့သည် ယခုအခါ အသက်အရွယ်ကြီးရင့် နေကြပြီဖြစ်သည်။ တချို့ဆရာသခင်များလည်း ထာဝရခွဲခွာနှုတ်ဆက် ခဲ့ကြပြီဖြစ်သည်။ ဆရာသခင် ကျေးဇူးရှင်တို့သည် အသက်ကြီးလာသည်နှင့်အမျှ အဘိုးကြီး အဘွားကြီး ဖြစ်လာမည်။
ဘ၀အတွေ့အကြုံတွေ ရင့်ကျက်လာသည်။ ထိုနည်းတူ တန်ဖိုးလည်းကြီးလာမည်။ သူတို့၏ ဘ၀တစ်သက်တာ တွေ့ကြုံခံစား သိရှိခဲ့သော အရာများသည် လူ့လောက၊ လူ့ဘ၀၏ အဖြစ်အပျက်များ ဖြစ်သည့်အတွက် ဘ၀၀မ်းစာများ အပြည့်ရှိကြသည်။ သူတို့ပြောသောစကားများ၊ ဆုံးမသြ၀ါဒများသည် လူငယ်များအတွက် တန်ဖိုးရှိသောဘ၀ လမ်းညွှန်များ ဖြစ်သလို ရှောင်ရန်ဆောင်ရန်များလည်း ပါဝင်ပါသည်။ ထို့ကြောင့် ဘ၀တန်ဖိုး ကြီးမားသော လူကြီးသူမများကို နိုင်ငံတော်မှပင် အလေးထားဂုဏ်ပြုခြင်း၊ ထောက်ပံ့ကူညီခြင်းတို့ လုပ်ဆောင်ပေးပါသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အိုမင်းခြင်းအကြောင်း လေ့လာထုတ်ဝေသော ကြော်ငြာတစ်ခု ရှိသည်မှာ “အတွေ့အကြုံ၊ မေတ္တာ၊ ဝေဒနာတို့၏ ကြွယ်ဝခြင်းကို လူအိုလူမင်းတိုင်း၏ အတွင်းသဏ္ဌာန်တွင် သိုလှောင်ထားသည်။ ဇရာပိုင်းသို့ ရောက်သည်အထိ အသက်ရှင်သူတွေ ပို၍များလာသမျှ လူ့လောကသည် ပို၍ကြွယ်ဝလာသည်။ လူအိုတို့ကို တွေ့ကြုံဆုံစည်းရခြင်းသည် နှစ်ပရိစ္ဆေဒများစွာ စုဆောင်းလာခဲ့သော အတွေ့အကြုံ ကဏ္ဍတို့ကို သော့ဖွင့်၍ ရယူခြင်းမည်ပေသည်” ဟူ၍ဖြစ်သည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် လူကြီးများဖြစ်သော ဆရာသခင် ကျေးဇူးရှင်တို့၏ တန်ဖိုးကို သိနိုင်ပါသည်။
ဆရာသခင် ကျေးဇူးရှင်သည် ပညာဥာဏ်ပြည့်ဝပြီး မေတ္တာ၊ စေတနာ၊ ကရုဏာတို့ ထပ်ပေါင်းထည့်သည့် အတွက် သူတို့၏ တန်ဖိုးသည် ပို၍ကြီးမြတ်လာသည်။ ပို၍ လေးစားထိုက်လာသည်။ သူတို့လည်း ပညာရော ဘ၀တန်ဖိုးပါ ပြည့်စုံကုံလုံသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ လူသားတိုင်းသည် ဆရာသခင် ကျေးဇူးရှင်တို့နှင့် မကင်းနိုင်ကြပါ။
ဗုဒ္ဓသာသနာသမိုင်းတွင် တန်ဖိုးကြီးမားသော အရှင်အာနန္ဒာတွင်လည်း ဆရာသခင်များ ရှိခဲ့သည်။ ထိုအရှင်၏ ဥပဇ္ဈာယ်ဆရာသည် အရှင်ဗေလဋ္ဌသီလ ဖြစ်ခဲ့သည်။ အရှင်အာနန္ဒာ တရားသိမြင်ရေးအတွက် ကျေးဇူးပြုခဲ့သော ဆရာမှာ အရှင်ပုဏ္ဏဖြစ်သည်။ ဆရာအရှင်ပုဏ္ဏ၏ ဂုဏ်ကျေးဇူးနှင့် ဂုဏ်ပုဒ်ကို အရှင်အာနန္ဒာ ကိုယ်တော် မှတ်တမ်းတင်ခဲ့သည်မှာ “ဆရာသည် အလိုလောဘ မရှိခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း ရောင့်ရဲလွယ်၏။ ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်ခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်၏။ လူသူလေးပါးတို့နှင့် ရောက်တတ်ရာရာပြောကာ ရောနှောမနေခြင်း၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း ရောနှောခြင်းမရှိ။ မဆုတ်မနစ်သော စိတ်ဓာတ်၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း မဆုတ်မနစ်သော စိတ်ဓာတ်ရှိ၏။ သီလ၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း သီလနှင့် ပြည့်စုံ၏။ မှန်ကန်သော သမာဓိတရား၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း မှန်ကန်သော သမာဓိနှင့် ပြည့်စုံ၏။ တရားသဘောကို ဟုတ်တိုင်းမှန်စွာ သိမြင်သော ပညာ၏ ဂုဏ်ကျေးဇူးကို ပြောပြောတတ်၏။ ကိုယ်တိုင်လည်း ပညာနှင့် ပြည့်စုံ၏။ ကိလောသာတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုတတ်သော ဖိုလ်နှင့် ပြည့်စုံ၏။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခ ဏာဥာဏ်၏ ဂုဏ်ကျေးဇူးကို ဟောပြောတတ်၏။ ကိုယ်တိုင်လည်း ပစ္စဝေက္ခဏာဥာဏ်နှင့် ပြည့်စုံ၏။”
အရှင်ပုဏ္ဏ၌ ဤသို့များပြားသော ဂုဏ်အင်္ဂါများ ပြည့်စုံနေရခြင်းမှာလည်း ဆရာသခင်၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ အရှင်ပုဏ္ဏ၏ ဆရာသခင်သည် ဧတဒင်္ဂဘွဲ့တော်ရ အရှင်အညာသိကောဏ္ဍည မထေရ်မြတ်ကြီး ဖြစ်သည်။ ကမ္ဘာမြေပြင်တွင် မြတ်စွာဘုရားပြီးလျှင် ဦးစွာတရားထူးသိသော သူပင်ဖြစ်သည်။
လောကတွင် တစ်ဘ၀အောင်မြင် ကျော်ကြားခြင်း၊ ပြည့်စုံချမ်းသာလာခြင်း၊ လိုအင်ဆန္ဒ ပြည့်ဝခြင်းနှင့် သံသရာတစ်လျှောက် ထာဝရငြိမ်းချမ်းခြင်း နိဗ္ဗာန်ရရေးတွင် မိတ်ကောင်း ဆွေကောင်းဟု ဆိုအပ်သော ဆရာသခင် ကျေးဇူးရှင်တို့ လိုအပ်ပါသည်။ ဆရာကောင်း သမားကောင်းနှင့် မတွေ့မကြုံခဲ့လျှင် အနာဂတ်သည်လည်း ကင်းစင်ပပျောက်မည် မဟုတ်သလို အတတ်ပညာ အသိပညာများနှင့် ဘ၀အောင်မြင်ရေးလည်း ရယူနိုင်မည် မဟုတ်ပါ။
သက္ကတိုင်းနာဂရက အမည်ရှိသော ရွာကြီးတွင် ရှိတော်မူစဉ် အရှင်အာနန္ဒာက မြတ်စွာဘုရားကို လျှောက်ခဲ့သည်။ “အရှင် ဘုရား...မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းသင်းရခြင်းသည် သာသနာတော်၏ တစ်ဝက် ခရီးဖြစ်ပါသည်” သူတော်ကောင်းနှင့်ပေါင်းမိပြီး သာသနာတော်ကြီးသို့ ၀င်ရောက်ခွင့်ရခဲ့သည်။ မဂ်တရား ဖိုလ်တရား မရရှိသေးသော်လည်း ကိုယ်နှုတ်အမူအရာ တည်ငြိမ်နူးညံ့ လာသည်ကို အခြေပြု၍ လျှောက်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအခါ မြတ်စွာဘုရားက ‘အာနန္ဒာ ဤသို့မဆိုလင့်’ ဟု တားမြစ်တော်မူခဲ့သည်။ “မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းသင်းမိခြင်းသည် သာသနာခရီး တစ်လျှောက်၌ အပြီးတိုင် အဆုံးတိုင် ရောက်ခြင်းဖြစ်သည်။ သူတော်ကောင်းနှင့် ပေါင်းမိသော ရဟန်းသည်သာလျှင် မဂ္ဂင်ရှစ်ပါးကို ပွားများနိုင်မည်။ ငါဘုရားတည်းဟူသော မိတ်ကောင်း ဆွေကောင်းကို ပေါင်းသင်းမိခြင်းအားဖြင့် သတ္တ၀ါအနန္တတို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း၊ ဒုက္ခအပေါင်းမှ လွတ်မြောက်ကြရသည်” ဟု မိန့်တော်မူခဲ့ပါသည်။
ထို့ကြောင့် ဆရာသခင် ကျေးဇူးရှင်တို့နှင့် တွေ့ကြုံဆက်ဆံရသော၊ နာယူ သင်ယူခွင့်ရသော လူတို့သည် လောကီအကျိုး၊ လောကီချမ်းသာ၊ လောကုတ္တရာအကျိုး၊ လောကုတ္တရာ ချမ်းသာများ ခံစားနိုင်ကြောင်း ထင်ရှားပါသည်။
လောကတွင် ရှိရှိသမျှသော သက်ရှိ သက်မဲ့ အရာအားလုံးသည် ရှင်သန်တည်မြဲနိုင်ရန် အထောက်အပံ့ ကောင်းများ လိုအပ်သည်။ သစ်တစ်ပင် ရှင်သန်ဖို့ ရေမြေနေနှင့် အာဟာရ လိုအပ်သည်။ လူတစ်ယောက် ကြီးမားချမ်းသာရေးအတွက် ကံဥာဏ်ဝိရိယ အကြောင်း အထောက်အပံ့များ လိုအပ်သည်။ လရောင် ထွန်းပြောင်ဖို့ နေတစ်စင်း လိုအပ်သည်။ နေရောင်တောက်ဖို့ စွမ်းအင်လိုသည်။
မိသားတစ်စု ကောင်းစားဖို့ မိဘကောင်း လိုအပ်သည်။ မိဘကောင်းဖြစ်ဖို့ အသိဥာဏ်ပညာနှင့် စွမ်းရည်ကောင်း စိတ်ဓာတ်ကောင်းတို့ လိုအပ်သည်။ မိဘတို့ စွမ်းရည်ကောင်းဖို့ ဆရာသခင် ကျေးဇူးရှင်တို့ လိုအပ်သည်။
လူ့အဖွဲ့အစည်းတစ်ခု ငြိမ်းချမ်းသာယာဖို့ ခေါင်းဆောင်ကောင်းနှင့် အထောက်အပံ့ကောင်းများ လိုအပ်သည်။ နိုင်ငံတစ်ခု ကြီးပွားတိုးတက်ဖို့ ငြိမ်းချမ်းသာယာ ရှိဖို့အတွက်လည်း ခေါင်းဆောင်ကောင်းနှင့် စွမ်းရည်ကောင်းတို့ လိုအပ်သည်။
လူ့လောက၊ လူ့နိုင်ငံရှိ လူသားများ ကောင်းကျိုးအဖြာဖြာ ရရှိနိုင်ဖို့ ဆရာသခင် ကျေးဇူးရှင်တို့သည် မရှိမဖြစ်သော အထောက်အပံ့ ကောင်းများပင် ဖြစ်ကြပါသည်။

Writer:
သန်းထိုက် (သာကေတ)
No comments:
Post a Comment