မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, May 20, 2016
“မဟုတ်တော့ဘူး။ ပြောင်းသွားပြီ။ ပြောင်းသွားပြီ။”
|| ငွေစန်းရောင် ||
အငြိမ့်ပွဲတွေ ကကြတဲ့အခါ လူပြက်ကြီးတွေ ခွန်းထောက်ဆို၊ မင်းသမီးခေါ် တစ်ယောက်စီ မိတ်ဆက်ပြီးလို့ရှိရင် ပြက်လုံးခွင် စလေ့ရှိတာက “မိုး မိုး မိုးလားမောင်ရို့။ လေ လေ လေလားမောင်ရို့” ဆိုပြီး သံချပ်တိုင်ကြတာပါပဲ။ သိပ်ထူးထူးထွေထွေကို ဆင်စရာမလိုဘူး။ ရှေ့လူက တိုင်ပေး၊ နောက်ကလိုက်ဆို၊ တိုင်တဲ့သူက စာသားပြောင်းသွား၊ လိုက်ဆိုတဲ့သူက အရင်စာသားအတိုင်းလိုက်။ အဲ့ဒါနဲ့ကိုပဲ အူတွေလှိမ့်နေအောင် ရယ်ရသဗျ။ ဟိုတလောက မြန်မာ့အသံ နှစ်ပတ်လည်မှာတောင် သဘောကျမိလိုက်သေး။ “ပြည်သူ့အတွက် မြန်မာ့အသံ” “လေ လေ လေလားမောင်ရို့” ဆိုတာမျိုးလေး။
အရင်တုန်းက မီးပျက်ရင် ဝိုင်းဆဲကြတယ်။ ဦးသိန်းစိန်အစိုးရ ဘာပြုပါစေ ညာပြုပါစေ။ ဟော အခု ဦးထင်ကျော်အစိုးရ လက်ထက် မီးပျက်တော့လည်း ရိုးရာမပျက် ဆဲလိုက်ကြတာများဆိုတာ ဝက်ဝက်ကိုကွဲလို့။ အရင်လိုပဲ ဦးသိန်းစိန်အစိုးရ ဘာပြုပါစေ ညာပြုပါစေ။ “ဟဲ့ ဟဲ့။ မဟုတ်တော့ဘူးလေ။ ပြောင်းသွားပြီ။ ပြောင်းသွားပြီ။” ဆိုလည်း သူတို့က အရှိန်ကလေးနဲ့ က က ပြီး ဆဲနေတာ နောက်ကနေ တဖတ်ဖတ် လိုက်ရိုက်ယူရတယ်။ နောက်တခါ လာပြန်ရော။ သပိတ်မှောက် အလုပ်သမားတွေ ကျောင်းသားတွေကို အစိုးရက အင်အားသုံး ဖြိုခွဲလိုက်ပြန်ပတဲ့ ဆို။ ထဆဲကြပြန်ရော။ ဦးသိန်းစိန်အစိုးရ ကျဆုံးပါစေ။ အရီးဒေါ်ပုံ ငံပြာရည်။ ဒါတော့ ဟုတ်သေးပါဘူးလေ။ ဦးသိန်းစိန်အစိုးရက ရှိမှ မရှိတော့တာ။ ဆဲချင်းဆဲချင် ဦးထင်ကျော် အစိုးရကို ဆဲပေါ့။ ဒါပေသိ မရဘူးဗျာ။ ဘာမှ လာမပြောနဲ့။ ဆဲချင်လို့ကို ဆဲတာ။ အခုအစိုးရကို မဟုတ်ဘူး။ အရင်အစိုးရကို ဆဲချင်တာ။ တစ်သက်နဲ့တစ်ကိုယ် ဆဲချင်လျက်နဲ့ အောင့်အီးသည်းခံပြီး ဘယ်တုန်းကမှ ပေါ်ပေါ်ထင်ထင် ဆဲခွင့်ဆိုခွင့်မရတဲ့ အဲသည်အစိုးရကို အားရပါးရ ဆဲရတာ အားမရနိုင်သေးလို့၊ မဝသေးလို့၊ ဆက်၍ဆက်ကာ ဆဲချင်ပါသောကြောင့် မသာကြီးလို့ပဲ ဆက်၍ခေါ်မည်ခိုင် လုပ်နေကြတာ။ ပြောင်းသွားပြီဆိုလည်း ဆဲမှာပဲ။ အရသာရှိလွန်းလို့ကို ဆဲတာ။ နင့်မေကလွှား။ မဆဲကြပါနဲ့ဟ။ သောက်ကျိုးနည်း။ ဟောကြည့်။ တားတဲ့သူ ကိုယ်တိုင်ကိုက အဆဲနဲ့မလွတ်တာ။
မြန်မာတွေပဲကွယ်။ ရယ်စရာရှိတော့လည်း ရယ်လိုက်ကြပေါ့။ ပေါ့ပေါ့ပါးပါးလေး။ ရယ်လို့ပြီးတဲ့ အခါကျတော့ မောစရာကလေးတွေ ဆက်ပါလာတာကိုတော့ အိမ်ရောက်မှ တစိမ့်စိမ့် တွေးကြည့်ယူကြလေ။ ဟုတ်တယ်။ အခြေအနေတွေက လှေနံဓားထစ် တရားသေ ပုံသေမှတ်ထားလို့မရဘူး။ အပြောင်းအလဲတွေက သိပ်ကို မြန်လွန်းအားကြီးတာ။ အစိုးရသစ်တက်ပြီး နောက်ပိုင်း တစ်နေ့နဲ့တစ်နေ့ကို မတူရဘူး။ ကြည့်ရင်းကြည့်ရင်း ပြောင်းလဲသွားတာများ။ တစ်နေ့ရွှေ တစ်နေ့ငွေ။ ဒါပေမဲ့ မပြောင်းလဲတဲ့ အကြောင်းတရားကြီးကတော့ အရင်အစိုးရက လူတွေဟာ အင်မတန်မှကို ကောက်ကျစ်ယုတ်မာ၊ ကိုယ်ကျိုးရှာ၊ အာဏာကို ငမ်းငမ်းတက် တပ်မက်ပြီး တိုင်းပြည်ကို ရောင်းစားခဲ့သူတွေပေါ့။ လက်ရှိအချိန်မှာ တိုင်းပြည်နဲ့အဝှမ်း ခံစားနေရသော ဆင်းရဲဒုက္ခ၊ မကောင်းသောဘေး၊ မကောင်းသော ဒဏ်၊ မကောင်းသောရန် ဟူသမျှတို့ဟာ အရင်အစိုးရတွေရဲ့ လက်ချက်ကြောင့်ချည့်သာ ဖြစ်တယ်ပေါ့။ ကဲ ပြိတ်သတ်ကြီးရေ။ အဲသည်အဖြေ။ ဟုတ်သလား။ မဟုတ်ဘူးလား။ ပြော။
ကိုယ်ကတော့ “ဟုတ်တယ်” လို့ပဲ ဖြေမှာဗျ။ ဘာလို့ဆိုတော့ ပြီးခဲ့တဲ့အစိုးရ ဆိုတဲ့သူတွေဟာ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင် လူကြီးတွေချည့်ရှိတာမှ မဟုတ်တာ။ သူ့နောက်မှာ စကြာသွားရာ ဗိုလ်ခြေပါရတဲ့ နိုင်ငံ့ဝန်ထမ်း အသီးသီးလည်းပါတယ်။ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့အစည်းများလည်း ပါတယ်။ ခေါင်းကလေးတင် ဖြုတ်လဲထားတာ။ အောက်က ကိုယ်ထည်ကြီးက သည်အတိုင်း ကျန်ခဲ့တာလေ။ အသစ်တပ်ထားတဲ့ ခေါင်းကလေးဟာ အောက်က ကိုယ်ထည်ကြီးကို စိတ်တိုင်းကျ ဦးဆောင် မောင်းနှင်စေခိုင်းနိုင်တဲ့ အခြေအနေ ရှိမရှိ ကြည့်ရဦးမှာပေါ့။ ဦးနှောက်က စေခိုင်းတဲ့အတိုင်း မလိုက်နာနိုင်၊ အလုပ်မလုပ်နိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရှိချင်ရှိလိမ့်မယ်။ ရှိကိုရှိမှာပါလေ။ သမ္မတရုံးထဲမှာကို နောက်အစိုးရကို အမှုမထမ်းနိုင်ပါဘူးဆို ထွက်စာတင်တဲ့သူတွေ ရှိခဲ့တာ အားလုံးမြင်တယ် မဟုတ်လား။ အဲသည်လို ပြောင်ပြောင်တင်းတင်း မလိုက်ပါနိုင်သူတွေကို ပွင့်ပွင့်လင်းလင်း လက်တွဲဖြုတ်ပခဲ့တာဟာ သူ့အတွက်လည်း ကောင်း ကိုယ့်အတွက်လည်း ကောင်းတယ်။ သူ့လိုမဟုတ်ပဲနဲ့ ဆုတ်ခွာသူ သခင်အနောက် ရန်သူများ မလိုက်နိုင်အောင် ကာပစ်ပစ်ပေးဖို့ ခံစစ်တွေထားခဲ့မယ်။ နောက်လူစခန်းချ အင်အားမဖြည့်နိုင်အောင် မြေလှန်မိုင်းထောင် ထားရစ်ခဲ့မယ့် ပဉ္စမံတပ်သားတွေလည်း ရှိမယ်။ အဲသည် သူ့လူကိုယ့်ဘက်သားများကိုကျ အကင်းပါးစွာနဲ့ မြွေပွေးခါးပိုက် မပိုက်မိဖို့ ဘယ်လိုသိနိုင်မလဲ။ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ ပြသ၁နာ ရှိတယ်။ သည်အခင်းအကျင်းတွေ ရှိတဲ့အတွက် လောလောဆယ် ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာ အရင်လူ ပယောဂမပါဘူးလို့ မပြောနိုင်ရင်တောင် နောက်လူကြောင့် ဘွားကနဲ မိုးပေါ်က ကျလာသလို ပေါ်လာတဲ့ လက်ရာမဟုတ်တာ သေချာတယ်။ လောလောဆယ် သူတောင်မှ ချက်ချင်းလက်ငင်း ဒုက္ခနဲ့လှလှနဲ့ တွေ့နေချိန်မှာ သူဖန်တီးထားတဲ့ သပွတ်အူထုပ်ကြီး ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့် မိုးလားမောင်ရို့ပဲ ပြောပြော၊ လေလားမောင်ရို့ပဲ ပြောပြော။ သွားလေသူ နင့်အမေလင်ကြီးကိုပဲ ဆက်ဆဲရမှာပဲ။ သူ့လက်ချက်က ကုန်မှ မကုန်သေးတာ။
တကယ်တော့ အလုပ်သမားတွေ သပိတ်မှောက်တာ အခုမှစတဲ့ ကိစ္စမဟုတ်ဘူး။ ၂၀၁၅ အောက်တိုဘာလ ကတည်းက သတ်မှတ်စည်းကမ်းအတိုင်း အချိန်ပိုလုပ်ခ မပေးနိုင်တဲ့ အလုပ်ရှင်ကို ဆန္ဒပြတောင်းဆိုရာက စခဲ့တယ်။ အလုပ်သမား ဝန်ကြီးဌာနက အလုပ်သမားတွေဘက်က အကာအကွယ်မပေးပဲ ဆန္ဒပြလုပ်သား ၁၆၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ရာက ဟိုမှာတင် ထိုင်သပိတ်ချည့်ပဲ နှစ်လကျော် ကြာခဲ့တယ်။ ဒီပြသ၁နာဟာ တက်လာမယ့် အစိုးရသစ်လက်ထက်မှာ မီးပုံးပျံကြီးလို စိန်နားပန်တွေ ညမီးကြီးတွေနဲ့ ဟုန်းဟုန်းတောက်ဖို့အတွက် သူတို့ မဆင်းခင်ကတည်းက နှုတ်ဆက်လက်ဆောင် မှိုင်းတွေ ဝသည်ထက်ဝအောင် ရှို့ထား မြှိုက်ထားကြတာဆိုရင် မင်း ဘာပြောမလဲ။ ပွဲမစည်မှာစိုးလို့ မဘသရော၊ ဗကသရော၊ ဖိတ်ကြားထားသော ဧည့်သည်တော်များကို နည်းတာ မဟုတ်ဘူး။ ခုခေတ်ခုအခါ ဇော်ဂျီဖိုဝင်သားစားမှ သိဒ္ဓိပြီးတယ် ဆိုသလိုပဲ။ ထောင်ထဲတန်းထဲ အလည်တခေါက်သွား ဆယ်လ်ဖီလေး ဘာလေး ရိုက်တင်ထားလိုက်မှ နိုင်ငံရေးမှတ်ပုံတင်ရတာ မဟုတ်လား။ ရဲများမြင်ရင် “အို အဖိုးအို ကျွန်မကို ဖမ်းပါလေး။ ငွေပေးပါ့မယ်” တောင် လုပ်ချင်ကြတယ်။ ကိုယ့်ဓာတ်ပုံ ဖေ့စ်ဘုတ်ပေါ် ရောက်မှာဆိုတော့ သပိတ်သမလေးတွေမို့လို့ ဘိုသိဘတ်သီ မထင်လိုက်လေနဲ့။ အဝတ်အစားဒီဇိုင်းက ဘယ်သူ ဆံပင်မိတ်ကပ်က ဘယ်ဝါဆိုတာ သိချင် လိုက်မေးထားဦး။ မင်းပရိသတ်စုံညီရင် သည်ကနေ့ည ကမယ့်ဇာတ်ကတော့ အစိုးရသစ်ဆိုတာလည်း အရင်လူတွေနဲ့ ဘာမှမထူးပါဘူး။ သပိတ်မှန်ရင် အင်အားသုံး ဖြိုခွင်းတာချည့်ပဲ။ ဓာတ်ပုံကလေးတွေနဲ့တောင် ယှဉ်ပြထားကြသေးတယ်။ ယခင် ယခု သဘင်အမှု။ အို မယ်ဖျားရဲ့။ ယောက္ခမ ဆိုတာလည်း တစ်ခါတုန်းက သားမက်ပါပဲ။ ကိုယ့်အလှည့်ကျတော့လည်း ဖမ်းတာပဲ မဟုတ်လား။
နောက်တစ်ဘက်က စဉ်းစားစရာ ရှိတာကတော့ နင်မဟုတ်တိုင်း နင့်အဖေ ဖြစ်ရတော့မှာလား။ တိရိစ္ဆာန်ရုံမှာ သတ္တဝါမျိုးစုံရှိတယ်။ ဒေါင်းမဟုတ်တိုင်း ဖွတ်၊ ဖွတ်မဟုတ်တိုင်း ဒေါင်း၊ စွပ်စွဲစရာလား။ ဖွတ်မဟုတ်တောင် ဖွတ်သားမြေး ဖွတ်ဘောမ တစ်ကောင်ကောင်တော့ ဖြစ်လိမ့်မှာဧကန်ဆိုတဲ့ မြန်မာဆန်ဆန် လောဂျစ်ကြီးကို ဘယ်လို ဖျောက်ဖျက်ပစ်ရမှန်း မသိဘူး။ ဒီမို နဲ့ စစ်ခွေးဆိုပြီး အပြန်အလှန် သတ်ပုတ်စွပ်စွဲနေကြတဲ့ အင်အားစုကြီး နှစ်စုအလယ်မှာ ဟိုဘက်ရော သည်ဘက်ရော ယာလည်းညက် ကြက်လည်းပန်းအောင် စောင့်နေတဲ့ တတိယ အင်အားစုတစ်စု ရှိမနေနိုင်ဘူးလို့ ဘယ်သူပြောသလဲ။ အဲ့ဒါ ဘာဖြစ်လို့ ပြောရသလဲဆိုတော့ အရင်အစိုးရ လက်ထက်တုန်းက မြို့တော်ခန်းမရှေ့မှာ လက်မောင်းတက်တူးထိုးထားတဲ့ လက်ပတ်နီတစ်ကောင် လည်ပင်းကို ချုပ်ဆွဲခေါ်သွားတဲ့ ကလေးမလေးဟာ သည်ကနေ့ စစ်ကိုင်းက လမ်းလျှောက်လာပါတယ်ဆိုတဲ့ အလုပ်သမားတွေနဲ့အတူ ရဲမေတွေလက်ကို ပါသွားပြန်တယ်။ သူ့ရဲ့ ရပ်တည်ချက်က ဘာလဲ။ အရင်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတိုင်း အခုအစိုးရဘက်ကလူ မဟုတ်သလို၊ အခုအစိုးရကို သပိတ်မှောက် ကန့်ကွက်နေတိုင်းလည်း အရင်အစိုးရရဲ့ ဒလန်သူလျှိုတွေ မဟုတ်ဘူး။ ဒါပေသိ လူတွေကတော့ သည်လူတွေချည့်ပဲ။ မှတ်တောင် မှတ်မိနေပြီ။ သူတို့က ဘာဖြစ်ချင်တာလဲ။ ဆွေးနွေးညှိနှိုင်းတာတောင် လက်မခံနိုင်ဘူး။ ရည်ရွယ်ချက်က တစ်ခုတည်း ရှိတယ်။ ထောင်ထဲသွားမယ်။ လူသိအောင်လုပ်မယ်။ အစိုးရမှန်သမျှ အကြပ်တွေ့စေရမယ်။ တော်လှန်ရေးကြီး ကမ္ဘာတည်သ၍ အဓွန့်ရှည်ပါစီ။ လောကကြီးမှာ တိုင်းပြည်ဆူမှပူမှ ထမင်းဝဝစားရမယ့် တောကြောင်တွေ ရှိတယ်။ နာဂစ်ဖြစ်လို့ လူဘယ်နှစ်သိန်းသေသေ၊ ရွာတွေအရောက် လိုက်ဝေမယ့် အလှူရှင်တွေ နေ့တိုင်း လာငှားစီးစေချင်တဲ့ သမ္ဗန်ကူးတို့ သမားတွေကတော့ ပျော်မှာပဲ။ လောင်ဌေးရွာတို့၊ မြုတ်ထောရွာတို့ဆိုတာ မကြားဖူးဘူးလား။ ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်ရင် နေလာနှင်းပျောက် ပျောက်တယ်။
ထားပါတော့လေ။ သူတို့ဟာသူတို့ အရင်းခံဇစ်မြစ် ဘယ်လိုပဲ မတူကွဲပြားသည် ဖြစ်ပစေ။ လက်ရှိအစိုးရကို ဘုံရန်သူ အနေနဲ့ ပစ်မှတ်ထား လိုက်ရင်တော့ သမဏေနတွေ သမဏောကြပြီး ဂေါဏေနတွေ ဂေါဏောကုန်ကြတဲ့အတွက် အင်အားစုကြီးနှစ်ခု အဖြစ်နဲ့ပဲ မြင်ရလိမ့်မယ်။ စစ်အစိုးရကို တွန်းလှန်တုန်းက ဒီမိုတွေ ကျောချင်းကပ်ခဲ့သလိုပဲ ဒီမိုအစိုးရကို ချေမှုန်းဖို့အတွက် ကြံ့ဖွံ့တွေဟာ ခြေရာတစ်ထောင် မောင်မဲခေါင်လုပ်ပြီး တပ်ဖြန့်ခြေရာဖျောက် ပျောက်ကျားစနစ်ကို သုံးတဲ့အခါ သုံးလိုက်၊ ချွတ်ထားတဲ့ ဘောင်းဘီ ပုခုံးပေါ်ပြန်တင်ပြီး တပ်မတော်ရဲ့ မေတ္တာရိပ်အောက်ကို ခိုလှုံလိုက် အမျိုးမျိုး လုပ်နေတယ်။ ဒီဇာတ်က သူတို့ကခဲ့တာလေ။ မင်းကဘောင်းဘီဝတ်၊ ငါကလုံချည်ဝတ်၊ ကျရာဇာတ်ရုပ်အတိုင်း ပီပြင်အောင် ကကြစတမ်း ဆိုပေမယ့် အကုန်လုံး သည်ပုတ်ထဲက သည်ပဲချည့်ပဲဟာ။ သူတို့ဘက်ကတော့ ကွန်မြူနစ်တွေထက်ကို ရန်ငါပြတ်သေးတယ်။ အခုအစိုးရနဲ့ ဆက်အလုပ်လုပ်တဲ့ သူတွေအကုန် ပါတီက ဖြုတ်ထုတ်သတ် လုပ်ပြီးသား။ တပ်မတော်က အမိန့်ပြန်ပြီးသား။ ပါးစပ်ကတောင် ထုတ်ပြောတယ်။ သစ္စာဖောက်တဲ့။
အဲသည်လိုမျိုး ရှေ့လူနဲ့နောက်လူ၊ တာဝန်ကို လက်ဆင့်ကမ်းပေးရမယ့်သူ လို့ မမြင်နိုင်ပဲ ရန်သူကြီးတစ်ယောက်လို အမျက်မာန်တင်း မေတ္တာကင်းနေရတဲ့ အကြောင်းရင်းကတော့ လွှဲပြောင်းသူနဲ့ ဆက်ခံသူတို့ရဲ့ စိတ်ထဲမှာ အလုပ်တာဝန် ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ရန်၊ တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်ရန်လို့ နှမ်းစေ့ကလေးမျှတောင် မတွေးဘဲ ငါ့လက်ထဲက နန်းရပ်ထီးဖြူကို သူလုယူလို့ ငါလေးခမျာ အိမ်နိမ့်ဆင်းရရှာလေတယ်လို့ တွေးကြတာကိုး။ ဘာပြုလို့ဆိုတော့ သူတို့တုန်းကလည်း တာဝန်ဆိုတာကြီးကို ခေါင်းထဲမှာမထည့်ဘဲ လုပ်ပိုင်ခွင့် ရပိုင်ခွင့်ဆိုတာတွေကိုပဲ တစ်စက်တစ်ပေါက် မကျပျောက်ရအောင် ပိုက်စိတ်တိုက် လိုက်ရှာ လုပ်စားခဲ့ကြတာ မဟုတ်လား။ အစကတည်းက ခွက်ဆွဲထားတဲ့သူဆိုတာ ခွက်ပျောက်ရင် ခွက်စောင်းခုတ်တာ သူ့စရိုက်ပဲ။ အဲ့ဒါ လောလောလတ်လတ် စည်ပင်ကအဖြစ်အပျက်မှာ နမူနာ ယူလို့ရတယ်။ စည်ပင်က အုပ်ချုပ်ရေးမှူးတွေ အကြောင်း စည်ပင်ဝန်ထမ်းတွေထက် သိတဲ့သူ ရှိဦးမလား။ အားလုံးမှာ ကိုယ့်အဆိုင်းမန့်နဲ့ကိုယ်။ ဆီဝယ်၊ ဆန်ဝယ်၊ ဟင်းချက်စရာဝယ်၊ ကားဓာတ်ဆီဖြည့်၊ ဖုန်းကဒ်ငွေဖြည့်၊ ညနေဘီယာဆိုင်ထိုင်၊ ကာရာအိုကေက ခေးမလေးတွေ မုန့်ဖိုးပေးဖို့၊ ဘောလုံးပွဲကြည့်ရန် အနှိပ်ခန်းမှာ အိုဗာနိုက်ဆက်ရှင် ယူထားဖို့၊ အားလုံးအားလုံး ကိုယ့်တာဝန်နဲ့ကိုယ် ကျေပွန်အောင် ဆောင်ရွက်ကြရသတဲ့။ အားလုံးကို သိမ်းကျုံး မပြောလိုပါဘူး။ မဟုတ်တဲ့သူလည်း ရှိမှာပေါ့။ ဒါပေသိ ဟုတ်တဲ့သူလည်း ရှိနေတာ ကိုယ်တွေ့မျက်မြင်။ မဟုတ်တဲ့သူအတွက် သည်ရာထူးဟာ မက်လောက်စရာ ဘာမှမရှိသော်ငြား ဟုတ်တဲ့သူမှာ သူ့အတွက် အဲသည်ခွင် ပျောက်သွားရင် သူတောင်းစား ခွက်ပျောက်တာထက်ကို အူနုကျွဲခတ်တော့မပေါ့။
ဘဘကြီး ဦးသိန်းစိန်ဟာ သူကိုယ်တိုင်ကတော့ အင်မတန်ရိုးပါတယ်။ အဂတိကင်းပါတယ်။ လုံးဝလာဘ်မစားဘူး ဆိုပေမယ့် သူ့အောက်ကလူတွေ မရိုးတာ၊ အဂတိမကင်းတာ၊ လာဘ်စားချင်တိုင်း လာဘ်စားတာ အကုန်လုံးကို မသိချင်ယောင်ဆောင်ပြီး လုပ်ချင်တိုင်း လုပ်ခွင့် ပေးထားခဲ့တယ်။ ဘယ်လောက် အကျင့်ပျက်တဲ့သူဖြစ်ပါစေ၊ သူ့ဘုန်းရိပ်ခိုလှုံလိုက်ရင် ပိန်းကြာဖက် ရေမတင်သလို ဘေးမသန်းရန်မခ အေးမြစေတယ်။ သူလိုလားရင် ပြုတ်ပြီးသား ပင်စင်ယူပြီးသား ဘယ်သူမဆိုတောင် ဝန်ကြီး ဒုဝန်ကြီး အဆောင်အယောင်နဲ့ အရှင်မွေးပြီး နေ့ချင်း ကြီးလို့ရတယ်။ သူ့အပေါ်မှီပြီး အကျိုးစီးပွား တည်ဆောက်ထားရတဲ့ သူတွေဟာ သူမရှိလို့ နောက်လူလာတဲ့အခါ “လာပါ ထိုင်ပါ” လေးတောင် နှုတ်မဆက်နိုင်လို့ အိမ်စိုက်ထားတဲ့ မြက်ခင်းပါမကျန် အမြစ်ကလှန်ပြီး နုတ်ယူသွားကြတယ် မဟုတ်ဘူးလား။ အာဏာကို တာဝန်လို့ မမြင်နိုင်ဘဲ လုပ်ပိုင်ခွင့် ရပိုင်ခွင့်အနေနဲ့ မြင်နေသ၍ နောင်လာလတ္တံ့သော အစိုးရသစ်များရဲ့ ပထမခြောက်လ ကာလများဟာ လှိုင်းကြီးလေထန် ကျွမ်းသဒ္ဒါလန်ပြီး မတည်မငြိမ် ဖြစ်နေရဦးမှာပဲ။
“မဟုတ်တော့ဘူး။ ပြောင်းသွားပြီ။ ပြောင်းသွားပြီ” လို့ လိုက်လိုက်တားရတဲ့ အထဲမှာ ကျေးဇူးကြီးပေ တို့မေမေ တစ်ယောက်လုံးတောင် ပါနေပါသေးဗျား။ အမေရိကန်က “ဆန်ရှင် ဆန်ရှင်” လို့ တိုင်ပေးလိုက်တာနဲ့ “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ” ဆို အကော်ဒီယံအုန်းကျော် သီချင်းကြီး ထဖွင့်တယ်။ ဒါပေသိ တို့မေကြီး မမှားပါဘူးကွယ်။ အမှားချင်းတူရင်တောင် တို့မေကြီးမှားတာ မှန်တယ်သိလား။ မသေမချင်းမှတ်ထား။ အရင်တုန်းက အမေရိကန်က ဆန်ရှင်ဆိုပြီး ပိတ်ဆို့ထားတဲ့အခါ စစ်အာဏာရှင် အသိုင်းအဝိုင်းကလူတွေ နိုင်ငံတကာ ဘဏ်နဲ့ အလုပ်လုပ်လို့မရဘဲ ဒေါ်လာတွေ ဆာလာအိပ်နဲ့ ထည့်ထည့်သယ်ကြရတယ်။ ဆန်ရှင်ဟာ တိုင်းပြည်ဖွံ့ဖြိုးမှုကို ထိခိုက်တယ်ဆိုပေမယ့် အာဏာရှင် အသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်တာနဲ့စာရင် မပြောပလောက်ဘူး။ အခုတစ်ခေါက် ဆန်ရှင်ဟာလည်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ အကူအညီတွေကို ပိတ်ဆို့တာ မဟုတ်ဘဲ ခရိုနီအသိုင်းအဝိုင်း၊ မူးယစ်ရာဇာ အသိုင်းအဝိုင်းက ငွေကြေးတွေကိုသာ ပိတ်ဆို့တာ ဖြစ်တဲ့အတွက် အဲသည်အသိုင်းအဝိုင်းနဲ့ အမှီအခိုကင်းတဲ့ တိုင်းပြည်မှာရော အစိုးရအဖွဲ့မှာပါ ဘာတစ်ခုမှ ထိခိုက်နစ်နာစရာ မရှိဘူး။ ဒါကြောင့်မို့လို့ အကော်ဒီယံအုန်းကျော် သီချင်းဟာ တို့မေကြီးဖွင့်တာနဲ့ ဦးသန်းရွှေဖွင့်တာ အဓိပ္ပာယ်ချင်း အများကြီးကွာတယ်။ အရင်အတိုင်းဆိုပြီး မှားနေပြီ မှားနေပြီ လာမလုပ်နဲ့။ အမှားချင်းတူပေမယ့် တို့မေကြီးမှားတာ အမှန်ကွ။ နားလည်ပြီလား။
ခုအချိန်မှာ သံချပ်တိုင်တဲ့စာသားတွေ ဘယ်လိုပဲ ပြောင်းသွားသွား၊ အရင်အတိုင်း အရင်အစိုးရကို အရှိန်မပျက် ဆက်ဆဲနေကြသေးတယ် ဆိုတာ ပြိတ်သတ်ကြီးကို ပွဲကျစေချင်လို့ သက်သက်တော့ မဟုတ်ဘူး။ သူတို့မှာကိုက ဆဲစရာတွေ ဆက်ရှိနေသေးတဲ့ အတွက်ပါ။ ပြန်ဝန်အဟောင်းကြီး ခနဲ့တဲ့ စာအိတ်သုံးလုံး ပုံပြင်ဆိုတာ ပြောပြရဦးမယ်။ ရာထူးက ဆင်းပေးရမယ့်သူက သူ့ရာထူးကို ဆက်ခံမယ့်သူဆီကို အခက်အခဲကြုံရင် ဖွင့်ကြည့်ဖို့ အကြံပေးစာအိတ် ၃ အိတ်ပေးခဲ့တယ်တဲ့။ ပထမအိတ်ကို ဖွင့်ကြည့်တဲ့အခါ “အဆင်ပြေမှုများ ဖြစ်ပေါ်လာက အရင်လူကို အပြစ်ပုံချပါ” လို့ အကြံပေးထားတယ်။ မဆိုးပါဘူး။ အတိုင်းအတာ တစ်ခုထိတော့ ပြေလည်သွားတာ အမှန်ပဲတဲ့။ နောက်တစ်ခါ အကျပ်အတည်း တွေ့ရင်တော့ ဒုတိယစာအိတ်ကို ထပ်ဖောက်ဖို့လိုမယ်။ “လူအပြောင်းအလဲ မူအပြောင်းအလဲ လုပ်ကြည့်ပါ” တဲ့။ ဒါလည်း အဆင်ပြေတာပဲ။ အဆင်မပြေရင်လည်း မစိုးရိမ်ပါနဲ့။ နောက်တစ်အိတ် ကျန်သေးတယ်လေ။ နောက်တစ်အိတ်ကမှ ပိုတောင်လွယ်သေး။ “စာအိတ် ၃ အိတ် ပြင်ထားလိုက်ပါ” တဲ့။ ကိုယ့်ဘကြီးကတော့ ပထမစာအိတ်ကြီး ဖွင့်ပြီးနေပါပြီ လို့ သရော်တာပေါ့လေ။ ကိုယ့်အတွက်ကတော့ တတိယစာအိတ်ကို ပိုစိတ်ဝင်စားပါတယ်။ ပတ်စာခွာ ဖျာလိပ်လို့ အချိန်တန် အိမ်ပြန်ရတော့မယ်လို့ ဆုံးဖြတ်ပြီး နောက်လူအတွက် စာအိတ် ၃ အိတ် ပြင်ရတဲ့အခါ ပုံပြင်ထဲမှာ အကြံပေးထားသလို ရာဇဣနြေ္ဒ အပြည့်နဲ့ တည်တည်ငြိမ်ငြိမ် လက်ဆင့်ကမ်းပေးနိုင်ပါ့မလား။ ရွှေမန်းတင်မောင် ရွဲကုန်သည် ကသလို မပေးပေးပေး ပေးပေးပေး ငါ့ရွှေခွက်ပြန်ပေးဆို အထက်လမ်း အောက်လမ်း နည်းလမ်းပေါင်းစုံသုံးလို့ နောက်လူကို မတည်မငြိမ် ကသောင်းကနင်း ဖြစ်အောင် လုပ်မသွားဘူးဆိုတာ သေချာပြီလား။ အဘတို့ထဲ ဘယ်သူကများ မျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လို့ စာအိတ်ကလေး ၃ အိတ် လက်ဆောင်ပေးနိုင်ခဲ့တယ် ဆိုတာ သိချင်စမ်းပါဘိ။
အခုလို အစဉ်အလာ အာဏာလွှဲပြောင်းပေးနည်း ကားကြီးကို နောက်အစိုးရ အစဉ်အဆက် လက်ဆင့်ကမ်းပြီး မသယ်စေချင်တော့ဘူး။ ခုချိန်ခါမှာ အစိုးရသစ် ဘာလုပ်လုပ် သည်းညည်းခံပြီး အကောင်းမြင်ပေးနေတယ် ဆိုတာက ပြည်သူတစ်ရပ်လုံး သက်လုံးပုံ ယုံကြည်ထားတဲ့ တို့မေကြီးရှိနေလို့။ နောင် သူမရှိတော့တဲ့အခါ သူ့လို ယုံကြည်အပ်သော ခေါင်းဆောင် နောက်တစ်ယောက် ခုထိ မမြင်သေးဘူး။ ယုံကြည်မှု မခိုင်မာတဲ့အခါ သံသယတွေ ဝင်လာလိမ့်မယ်။ သံသယမျက်လုံးနဲ့ ကြည့်ရင် မသင်္ကာစရာတွေချည့်ပဲ တွေ့လာမှာပေါ့။ အဲ့သည်အခါမှာ အခုလို ခလောက်ဆန် အကောက်ကြံတဲ့ သူတွေနဲ့ တိုင်းပြည် ကမောက်ကမဖြစ်ရမှာ သေချာသလောက်ပဲ။ အာဏာဆိုတာ လူကို ယစ်မူးစေသတဲ့ အကြွင်းမဲ့အာဏာ ဆိုတာကတော့ အကြွင်းမဲ့ကို ယစ်မူးစေတာပါတဲ့။ ဒါပေမဲ့လည်း အာဏာရှင် အဟောင်းကို အမြစ်ဖြုတ်ဖို့ အဲသည် အကြွင်းမဲ့အာဏာကြီးကို အကြွင်းမဲ့ ယုံကြည်ရသော တို့မေကြီးထံ အပ်နှံထားရတယ်။ နောက်လူတွေကို ဘယ်သူမှ သူ့လို ယုံကြည်မှာ မဟုတ်ဘူး။ ဒါကြောင့် လောလောဆယ်တော့ တို့မေကြီး ဦးဆောင်ရာ လိုက်ပါဖို့အသင့်ပဲ။ ဒါပေမဲ့ တို့မေကြီးဘက်ကလည်း ငါများ မရှိတော့တဲ့အခါ လို့ ကြိုတွေးထားပြီး နောင်တစ်ချိန်မှာ အာဏာရှင် အညွန့်အညောက် မပေါက်မထွက်ရလေအောင် လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ ကန့်သတ်ပစ်ခဲ့စမ်းပါ လို့ တောင်းဆိုချင်ပါတယ်။
အာဏာရှင်ဆိုတာ အရှင်မထွက်ဘူးတဲ့။ ဟုတ်မှာပါပဲ။ အခုကို မြင်တွေ့ကြားသိ နေရသမျှဟာ ဒင်းတို့ အရှင်ထွက်ထွက်ချင်ပုံ မရဘဲကိုးလို့ ခံစားနားလည်လို့ ရနေတယ်။ ယောက်ယက်ကို ခပ်နေတာပဲ။ တို့မေကြီးတို့ အဆင်းကျရင်တော့ အနှစ်နှစ်ဆယ်လောက် အချိန်ယူ အကွက်ဆင်သွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးထဲမှာ မပါသော အစိုးရအကူးအပြောင်း ကာလများအတွက် စည်းမျဉ်းစည်းကမ်း ကလေးများ တိတိပပ မြွက်ကြားမိန့်မှာ ထားရစ်ခဲ့စမ်းပါ။ ငါတို့ကတော့ အာဏာကို မမက်တဲ့အတွက် တိုင်းပြည် အကျိုးစီးပွားကိုသာ အလေးထားတဲ့အတွက် ရာဇဣနြေ္ဒအပြည့်နဲ့ ဝင်တော့လည်း ဝင်စည်တော်၊ ထွက်ရင်လည်း ထွက်စည်တော်ရွမ်းလို့ ကျက်သရေရှိရှိ ကြွမြန်းလေ့ရှိတယ်လို့ စံနမူနာကလေး ထားခဲ့စေချင်ပါတယ်လေ။ တော်ကြီးဘုရားထွက်တော်မူတာနဲ့ ဖျာတန်းမီးလောင်လို့ ထမီစွန်တောင်ဆွဲဆင်းတာ ဘယ်ဟာတွေ ဘယ်လိုကွာသလဲဆိုတာ ပရိသတ်ဗိုလ်ပုံ ထင်ရှားစွာသိရအောင် ကြံဆောင်တော်မူပါဦးဖျာ့။
ငွေစန်းရောင်
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment