မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 3, 2016
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကူညီသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအိုခိရှိဒ ပြောကြား
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကူညီသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအိုခိရှိဒ ပြောကြား
------ ------ ------ ------ -----
၃-၅-၂၀၁၆ ရက်နေ့ နံနက်ပိုင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအို ခိရှိးဒတို့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဖူမီအိုခိရှိဒသည် ၂၃-၅-၂၀၁၆ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် “ယခု တွေ့ဆုံဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံဟာ အစိုးရသစ်ရဲ့ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီဖော်ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဂျပန်အစိုးရမှ ပူးပေါင်းပြီး အဖက်ဖက်က အစွမ်းကုန်ထောက်ပံ့ကူညီပေးသွားမယ်”ဟု ပြောကြားခဲ့သည်။
ဒေသတွင်းမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူတကွ လက်တွဲပြီး အရေးတယူ ဆောင်ရွက်ပေးချင်တဲ့အကြောင်း၊ ၎င်း၏ပြောကြားချက်များကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံသဘောတူကြောင်း နှစ်ဖက်ဝန်ကြီးများ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် ဂျပန်နိုင်ငံသည် မြန်မာအစိုးရ အလေးအနက်ထား လုပ်ဆောင်နေသည့် အလုပ်အကိုင် ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အဦတည် ဆောက်ရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးအစရှိသည့်ကဏ္ဍများတွင် အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူပြည်သားများနှင့် ဂျပန်လုပ်ငန်းရှင်များ နှစ်ဖက်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများကို လက်တွဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ထို့ပြင် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ခေါင်းစဉ်နဲ့ ဖော်ဆောင်မှုတွေကို အလေးအနက်ထားပြီး အစွမ်းကုန် ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဂျပန်နိုင်ငံသူ နိုင်ငံသားများက မိမိနှင့် မိမိ၏ လှုပ်ရှားမှုများအပေါ် စေတနာထားသည့်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဂျပန်အစိုးရရဲ့ ဆက်ဆံမှုက တခြား အနောက်နိုင်ငံတွေနဲ့ မတူဘူးဆိုတာ သဘာဝကျပါတယ်။ မတူခြင်းကိုလည်း ကျွန်မတို့က လက်ခံတယ်။ ဒီမိုကရေစီကို ယုံကြည်လို့ရှိရင် မတူကွဲပြားမှုကို လက်ခံနိုင်ရပါတယ်။ မတူကွဲပြားမှုကို အခြေခံပြီးတော့ ကျွန်မတို့ဟာ တယောက်နဲ့တယောက် ဆွေးနွေးတိုင်ပင်ပြီးတော့ ပြေလည်အောင်လုပ်ခဲ့ကြတာ ကြာပါပြီ။ အထူးသဖြင့် ဘယ်လိုပြောပြော ဂျပန်နိုင်ငံသူ နိုင်ငံသားများဟာ ကျွန်မနဲ့ ကျွန်မရဲ့ လှုပ်ရှားမှုအပေါ် အင်မတန်မှ စေတနာခ၊ မေတ္တာထားခဲ့တာကြောင့် ကျွန်မအနေနဲ့ အမြဲတမ်းတန်ဖိုးထား ကျေးဇူးတင်နေမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဆက်လက်တွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။
ထွန်း(နေပြည်တော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment