Monday, May 16, 2016

ဖားကန့်မှာ ကျောက်ကုမ္မဏီတွေ မီးရှို့ခံရတယ်။ မိုင်းခွဲခံရတယ်။

ဖားကန့်မှာ ကျောက်ကုမ္မဏီတွေ မီးရှို့ခံရတယ်။ မိုင်းခွဲခံရတယ်။ လူသေတယ်လို့တော့မကြားမိသေးပါဘူး။ ကချင်ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် လမ်းတွေ တံတားတွေမိုင်းခွဲတာကို လုံးဝသဘောမကျပေမယ့် ကျောက်ကုမ္ပဏီက ပစ္စည်းတွေကို ဖျက်စီးတာ အလွန်နှစ်ထောင်းအားရဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ကချင်ပြည်နယ်ကို ဘာအကျိုးမှမပြုပါဘူး။ သူတို့ပေးတဲ့ ဆိုကျိုးကိုသာ ကချင်ပြည်သူတွေခံစားနေရတာပါ။  စည်းကမ်းမရှိ လောဘဇောတိုက်တူးဖော်မှုကြောင့် မြေပြိုမှုတွေဖြစ်ပြီး သေလိုက်တာလဲ သောက်သောက်လဲပါ။ ကုမ္ပဏီ မြေစာတောင်တွေပြိုလို့ သေလိုက်ပြီဆိုရင်လဲ အနည်းဆုံး ဆယ်ချီပြီးသေကြရသလို ကုမ္ပဏီကားတွေကြောင့် နံပြားဖြစ်ခဲ့ရတဲ့လူတွေဟာလည်း ရေလို့တောင်မရပါဘူး။ ရစရာမရှိ မွစာလန်ကြဲအောင် ဖားကန့်ကို တူးဖွသွားပေမယ့် ဒေသဖွံ့ဖြိုးရေးဆို ရေတစ်ပေါက်တောင် အလကားလှုတဲ့ ကုမ္ပဏီတွေမဟုတ်ပါဘူး။ အမှီးကျက် အမှီးစား ခေါင်းကျက်ခေါင်းစားနဲ့ ဖားကန့်ကို အပိုင်းပိုင်းခွဲစားနေတဲ့ ကုမ္ပဏီတွေပါ။ ဒီလူတွေဟာ အခွန်ရှောင်တယ် ကျောက်ခိုးထုတ်တယ် ဆီခိုးသွင်းတယ် ဘတ်ဟိုး မြေသယ်ကားတွေခိုးသွင်းတယ်။ သွင်းခိုး ထုတ်ခိုး ကုမ္ပဏီများသာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီတွေ မီးရှို့ဗုံးခွဲခံရတာကို အကြီးအကျယ် ကမ္ဘာပျက်မတက် မတရားလုပ်ပါတယ် အော်နေတဲ့သူများဟာ သခိုးက လူပြန်ဟစ်တာပါပဲ။ ဒီလောက်ခိုးတဲ့ကုမ္ပဏီတွေကို ကာကွယ်ပေးသူတွေဟာလည်း ခိုးဖော်ခိုးဘက်များလို့သာ သတ်မှတ်ရမှာပါ။ ဒီကုမ္ပဏီတွေ မီးရှို့ခံရတာ မတရားဘူးလို့ထင်ရင် ဒီကုမ္ပဏီတွေကြောင့် လူတွေရေမရအောင်သေခဲ့တာ ဥရုချောင်းကို ပိတ်ချင်သလိုပိတ် လွှဲချင်သလိုလွှဲ လုပ်ခဲ့တာကြောင့် မိုးတွင်းရေကြီးမှုတွေဖြစ်ပြီ ဖာကန့်ပြည်သူတွေ နှစ်တိုင်းဒုက္ခရောက်ရတာ အမြဲစိမ်းသစ်တောကြီးကနေ အခုဖားကန့်ပြည်တွေ ရေတောင်ဝယ်သုံးနေရတာတွေကိုကြ တရားတယ်များထင်နေကြပါသလား။ ဒါကြောင့် ကျွန်တော်ကတော့ အခုလို ကုမ္ပဏီတွေ မီးရှို့ခံရတာ ဝမ်းသာတယ် အားရတယ် ကျေနပ်တယ် ပီတိဖြာတယ်။ ဒီကုမ္ပဏီတွေကို မီးရှို့တာ ဗုံးခွဲတာ KIAကပဲလုပ်လုပ် အစိုးရတပ်ကပဲလုပ်လုပ် အားပေးပါတယ်။ (မှတ်ချက်) ကချင်ပြည်သူတွေမှန်ရင် ပါးစပ်ကထုတ်မပြောကြပေမယ့် စိတ်ထဲကတော့ ကြိတ်ပျော်နေကြမှာပဲလို့ ယူစတဲ့အတွက် အမုန်းခံပြီးရေးပါသည်။ ခိုးဖော်ခိုးဖက်များ ဆဲကြပါကုန်။ #MKNADMIN

No comments: