၂၀၁၅ နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုမှာ အထူးစိုးရိမ်ရသည့် အဆင့် (၁) နေရာတွင် ရှိနေ
--- --- ---
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်မှုများကြောင့် အထူးစိုးရိမ်ရသည့် အဆင့် ၁ နိုင်ငံများစာရင်း (CPC tier 1)အဖြစ် ဆက်လက်ထားရှိရန် အမေရိကန်အစိုးရ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု စောင့်ကြည့်ရေးကော်မရှင် USCIRF က ၂၀၁၆ ခုနှစ်အတွက် အစီရင်ခံစာတွင် တိုက်ထွန်းထားသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာအစိုးရနှင့် အစိုးရမဟုတ်သည့် “မဘသ” ကဲ့သို့ အဖွဲ့အစည်းများနှင့် ဦးဝီရသူကဲ့သို့ လူပုဂ္ဂိုလ်များက လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို ဆက်လက် ချိုးဖောက်နေခဲ့ကြပြီး ရွေးကောက်ပွဲ ကာလတွင်လည်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ချိုးဖောက်သည့် ကိစ္စရပ်များသည် မဲဆွယ်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
အစ္စလာမ်ဘာသာဝင်များ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်များသည် ဘာသာရေး သာမက နိုင်ငံရေး လွတ်လပ်ခွင့်များပါ ချိုးဖောက်ခံခဲ့ရသည်ဟု ဖော်ပြထားပြီး ခရစ်ယာန် ဘာသာဝင်များအတွက်လည်း စိုးရိမ်ဖွယ်ရာအခြေအနေ ရှိနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ခရစ်ယာန် ၀တ်ပြုကျောင်းများမှာ လက်နက်ကြီး ကျည်ဆံများကြောင့် ပျက်စီးခဲ့ရပြီး ခရစ်ယာန် KBC တွင် လုပ်အားလာပေးသည့် ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုမှာ ယနေ့တိုင် အမှုမှန် မပေါ်ပေါက်သေးဘဲ ချင်းပြည်နယ်ရှိ ချင်းအမျိုးသား တစ်ဦးမှာလည်း လက်ဝါးကပ်တိုင်အတွက် သစ်ခုတ်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ၂၀၁၅ ခုနစ် သြဂုတ်လအတွင်းတွင် ကရင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးက ဘုရားတစ်ဆူတည်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းဝန်း အတွင်း အဆောက်အဦ ၀င်ဆောက်သဖြင့် ဘုရားဝတ်ပြုသူများ ထိခိုက်ခဲ့ရသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ကျော်ကြာ စစ်တပ်က ချုပ်ကိုင်ထားသည့် အစိုးရကို အဆုံးသတ်စေခဲ့သည့် ရွေးကောက်ပွဲကြီးတစ်ခု အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့သော်လည်း အစိုးရသစ်အနေဖြင့် လူ့အခွင့်ရေးနှင့် ပတ်သက်သည့် စိန်ခေါ်မှု အခက်ခဲမျိုးစုံနှင့် ရင်ဆိုင်နေဆဲ ဖြစ်ကြောင်း USCIRF အစီရင်ခံစာတွင် ရေးသားဖော်ပြထားပြီး ဘာသာရေးဆိုင်ရာ အမုန်းတရား ထုတ်ဖော်ပြောဆိုမှုများလည်း မြောက်မြားစွာ ရှိနေကြောင်း ဖော်ပြထားသည်။
အစိုးရသစ်အနေဖြင့် ဘာသာရေး သို့မဟုတ် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုများအား အကာကွယ်ပေးပြီး အရပ်သား အစိုးရအနေဖြင့် ဒီမိုကရေစီ ၊ လူ့အခွင့်ရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်များ အပါအ၀င် တရားဥပဒေ စိုးမိုးရေးကဏ္ဍတွင် ခိုင်မာသည့် သန္နိဋ္ဌာန်ရှိကြောင်း သက်သေပြရမည်ဟုလည်း အစိုးရသစ်အား တိုက်တွန်းထားသည်။
အမေရိကန် နိုင်ငံခြားရေးဌာနက CPC အဆင့် ၁ တွင် သတ်မှတ်ခံထားရသည့် လွတ်လပ်စွာ ကိုးကွယ်မှု အထူးစိုးရိမ်ရသည့် နိုင်ငံ ၉ နိုင်ငံတွင် မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီအားရေးဗီယား နိုင်ငံများ ပါဝင်ကြောင်း သိရသည်။
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 3, 2016
၂၀၁၅ နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုမှာ အထူးစိုးရိမ်ရသည့် အဆင့် (၁) နေရာတွင် ရှိနေ --- --- ---
Subscribe to:
Post Comments (Atom)
No comments:
Post a Comment