Monday, May 16, 2016

ဝက်ကိုးကောင် (ငါးရှဥ့်ငယ်အမျိုးအစား)ကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူနေ

ဝက်ကိုးကောင် (ငါးရှဥ့်ငယ်အမျိုးအစား)ကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူနေ
------- ------- --------

ရခိုင်ပြည်နယ်ရှိ ရေချို၊ ရေငန်စပ် မြစ်ချောင်းများမှ ဖမ်းဆီးရမိသည့် ဝက်ကိုးကောင် (ငါးရှဥ့်ငယ်အမျိုးအစား)ကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူနေကြောင်း သိရှိရသည်။

“တရုတ်တွေက အများအားဖြင့် ဝက်ကိုးကောင်ကို ဆန်ပြုတ်တွေမှာ ထည့်သောက်ကြလေ့ရှိတယ်။ တရုတ် အမျိုးသားတွေကြားမှာ ပိုမိုလူကြိုက်များတယ်။ ဒါကြောင့် တရုတ်ပြည်က ဝယ်လိုအားများသလို ဈေးကောင်း လည်း ပေးကြတယ်”ဟု မင်းပြားမြို့မှ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ကိုအားဝူးက ပြောသည်။

ဝက်ကိုးကောင်များကို တစ်နေ့လျှင် ပိဿာ ငါးရာဝန်းကျင် တရုတ်နိုင်ငံသို့ တင်ပို့နေရပြီး အရောင်းဒိုင်တစ်ခု လျှင် ပိဿာ ၆၀ ဝန်းကျင် ရောင်းချနေရကြောင်း သိရသည်။

အဆိုပါ ဝက်ကိုးကောင်များမှာ ရခိုင်ပြည်နယ် မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့ရှိ ရေချို၊ ရေငန်စပ် မြစ်ချောင်းများမှ ဖမ်းဆီးရမိပြီး အရှည် ခြောက်လက်မခန့်ရှိသည့် ငါးရှဥ့်ငယ် အမျိုးအစားဖြစ်ကြောင်း သိရသည်။

“ရခိုင်ဒေသခံတွေကတော့ ဝက်ကိုးကောင်ကို အခြောက်ခံပြီး ကြော်စားလေ့ရှိတယ်။ မန္တလေးတို့ မူဆယ်တို့ ဘက်မှာလည်း ဝက်ကိုးကောင်လို့ပဲ ခေါ်တယ်” ဟု ကိုအားဝူးက ပြောသည်။

တရုတ်ပြည်ဈေးကွက် အတွင်း ဝက်ကိုးကောင်မှာ ဈေးကောင်း ရရှိနေခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ ကဏန်းဒိုင် နှင့် ငါး၊ ပုစွန် အဝယ်ဒိုင်တချို့မှာ ဝက်ကိုးကောင်တွေကိုသာ အဓိကဝယ်ယူ တင်ပို့ကြကြောင်း သိရသည်။

အဆိုပါ ဝက်ကိုးကောင်ကို ရခိုင်ပြည်နယ် ဈေးကွက်တွင် တစ်ပိဿာလျှင် ခြောက်ထောင်ကျပ်နှုန်းဖြင့် ရောင်းချကြပြီး တရုတ်ဈေးကွက်တွင် တစ်ပိဿာလျှင် မြန်မာငွေ တစ်သိန်းဝန်းကျင်အထိ ရရှိကြောင်း သိရသည်။

“တရုတ်ကိုတင်ပို့တဲ့အခါ ဝက်ကိုးကောင်က လမ်းခရီးမှာ အသေအပျောက်လည်း နည်းတယ်။ ဖော့ဘူးထဲမှာ ရေထည့်ပြီး ဝက်ကိုးကောင်တွေကို တရုတ်ပြည်ဆီ အရှင်ပို့ရတယ်” ဟု ဒေသခံကုန်သည် ဦးကျော်သန်းက ပြောသည်။

ဒေသခံကုန်သည်များက ဝက်ကိုးကောင်များကို ဒေသတွင်းရှိ ကဏန်း၊ ငါးပုစွန် အဝယ်ဒိုင်များက တံငါ သည်များထံမှ တစ်ဆင့် စုဆောင်းဝယ်ယူကြပြီး ကဏန်းတင် ကုန်ကားကြီးများဖြင့် နေ့စဉ်တင်ပို့ရောင်းချကြောင်း သိရသည်။

MMK
The Ladies News



No comments: