တအာင်း TNLA နှင့် RCSS/SSA ထိတွေ့မှု မရှိသလောက် လျော့နည်း သွားပြီး တပ်မတော်နှင့် TNLA ၊ တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲပြင်းထန်
--- --- ---
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း နယ်မြေအငြင်းပွားမှု ဖြစ်နေသည့် တအာင်းပလောင် TNLA/PSLF နှင့် ရှမ်းလက်နက်ကိုင် RCSS/SSA တို့အကြား ယခုရက်ပိုင်းအတွင်း ထိတွေ့ တိုက်ခိုက်မှု မရှိသလောက် လျော့နည်းသွားပြီး တပ်မတော်နှင့် တအာင်းပလောင် TNLA အကြား ၊ တပ်မတော်နှင့် အခြားရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သော SSPP/SSA တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲထားသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း မရှိသေးသည့် SSPP/SSA အဖွဲ့ နှင့် တပ်မတော်တို့အကြား ကျောက်မဲမြို့နယ် အရှေ့တောင်ဘက်ရှိ ပုံးဝိုးကျေးရွာအနီးတွင် မေလ ၁၂ ရက်နေ့ မှ ၁၄ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်မှ ကျဆုံးမှုများပြားခဲ့ပြီး လေကြောင်း ပစ်ကူများလည်း အသုံးပြုခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် SSPP/SSA ဘက်မှ သတင်းထုတ်ပြန်သည်။
တပ်မတော်ဘက်ကမူ သီးခြားအတည်ပြု ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
"တပ်မတော်ဘက်က ၁၂ ရက်နဲ့ ၁၄ ရက်နေ့ တိုက်ပွဲတွေမှာ အကျဆုံးများတယ်။ ကျွန်တော်တို့ဘက်ကလည်း နည်းနည်းပါးပါး ကျတယ်။ ကျွန်တော်တို့ အဲဒီ့မှာနေတာကြာပြီဗျ။ ကျွန်တော်တို့ကို လာရှင်းတဲ့ သဘောဖြစ်တာ။ လားရှိုး ရမခဘက်က အကြောင်းပြတာကတော့ RCSS ( ရှမ်းလက်နက်ကိုင် RCSS/SSA တောင်ပိုင်း ) အဖွဲ့ကို လာရှင်းတယ်လို့ အကြောင်းပြချက်ပေးတယ်" ဟု SSPP/SSA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Ladies News သို့ ပြောသည်။
ရှမ်းလက်နက်ကိုင် RCSS/SSA အဖွဲ့၏ ဌာနချုပ်မှာ ထိုင်းမြန်မာ နယ်စပ်တွင်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ယခင်ကာလ ကတည်းက စခန်းအချို့ရှိခဲ့ကာ RCSS/SSA မှာ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း အပစ်မရပ်သေးသည့် တအာင်းပလောင် TNLA နှင့် RCSS/SSA တို့အကြား နယ်မြေ အငြင်းပွားမှုမှတစ်ဆင့် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၂ ရက်နေ့တိုက်ပွဲတွင် ရဟတ်ယာဉ်ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရပြီး ကျောက်မဲမြို့နယ်အတွင်း စစ်သုံး ရဟတ်ယာဉ်များ ဥဒဟို သွားလာနေသည်ကို မြင်တွေ့နေရကြောင်း ကျောက်မဲဒေသခံများကလည်း The Ladies News သို့ အတည်ပြုပြောဆိုပြီး SSPP/SSA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ခုနစ်ရာကျော်မှာ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။
SSPP နှင့် တပ်မတော်တို့ တိုက်ပွဲများမှာ မေလ ၁၅ ရက်နေ့တွင် ငြိမ်သက်နေပြီး တိုက်ပွဲဖြစ်ပွားသည့် ဒေသမှာ မန္တလေး မူဆယ်လမ်း၏ တောင်ဘက်ခြမ်းတွင် တည်ရှိသည်။
မန္တလေး- မူဆယ်လမ်း မြောက်ဘက်ခြမ်းတွင်မူ တအာင်းပလောင် TNLA/PSLF နှင့် တပ်မတော်တို့အကြား မေလ ၁၅ ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု နယ်စပ်သတင်း ရင်းမြစ်များက ဆိုသည်။
ကျောက်မဲမြို့နယ် ကွင်းစလန်းကျေးရွာ အနီးတွင် မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ တအာင်းတပ်ဖွဲ့နှင့် တပ်မတော် လက်အောက်ခံ တပ်ရင်းတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ တအာင်းပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ် ၊ မန်အီကျေးရွာ အနီးတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်ဟု တရုတ်- မြန်မာ နယ်စပ် စစ်ရေးအကဲခတ်တစ်ဦးက အတည်ပြုပြောဆိုသည်။
တိုက်ပွဲနှင့် ပတ်သက်၍ တအာင်းပလောင် တပ်ဖွဲ့က အတည်ပြုချက် ထုတ်ပြန်ထားသော်လည်း တပ်မတော်ဘက်မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယခုရက်ပိုင်းအတွင်းမှာပင် ကျောက်မဲနှင့် သီပေါမြို့ပေါ်သို့ စစ်ဘေးရှောင်လာသူ ၁,၆၀၀ ခန့် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာမင်းကြီးရုံး UNOCHA က သတင်းထုတ်ပြန်ထားသည်။
မောင်အောင်
Photo – SSPP SSA – FB ( SSPP SSA အမျိုးသမီးတပ်သားအချို့အား တွေ့ရစဉ်)
The Ladies News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, May 16, 2016
တအာင်း TNLA နှင့် RCSS/SSA ထိတွေ့မှု မရှိသလောက် လျော့နည်း သွားပြီး တပ်မတော်နှင့် TNLA ၊ တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲပြင်းထန် --- --- ---
Subscribe to:
Post Comments (Atom)
No comments:
Post a Comment