Monday, May 16, 2016

ဖေ့စ်ဘုတ် ပရိုဖိုင်းတွင် မထည့်သွင်းသင့်သည့် အရာများ

ဖေ့စ်ဘုတ် ပရိုဖိုင်းတွင် မထည့်သွင်းသင့်သည့် အရာများ // နည်းပညာ // ဖေ့စ်ဘုတ် ပရိုဖိုင်းတွင် မထည့်သွင်းသင့်သည့် အရာများ ၁။ နေရပ်လိပ်စာ ဖေ့စ်ဘုတ်တွင် မိမိ၏ profile အချက်အလက်များ ထည့်သွင်းရာ၌ နေရပ်လိပ်စာထည့်သွင်းခြင်း events section တွင် လိပ်စာထည့်သွင်းခြင်းတို့မှာ အန္တရာယ်မရှိဟု ထင်ရဖွယ်ရှိသော်လည်း ထိုသို့မပြုလုပ်မီ နှစ်ခါပြန်စဉ်းစားသင့်သည်။ ပထမပြဿနာမှာ လုံခြုံရေးဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သင်၏ ဖေ့စ်ဘုတ်အကောင့်ကို အသုံးပြုခွင့်ရရှိသွားပါက သင်၏ နေရပ်လိပ်စာကိုလည်း အတိအကျ သိရှိသွားမည်ဖြစ်သည်။ အခြားပြဿနာတစ်ရပ်မှာ ဖေ့စ်ဘုတ်က သင့်အတွက် သီးသန့်ရည်ရွယ်သည့် ကြော်ငြာများ ရွေးချယ်ပြသရာတွ် နေရပ်လိပ်စာကို အသုံးပြု၍ ရွေးချယ်ခြင်းဖြစ်သည်။ အကယ်၍ လိပ်စာထည့်သွင်းရန် လိုအပ်ပါက ပြည်နယ်/တိုင်းနှင့် မြို့အမည်ကိုသာ ထည့်သွင်းပြီး လမ်းနှင့် အိမ်နံပါတ်ကို ချန်လှပ်ထားသင့်သည်။ ၂။ အလုပ်လိပ်စာ အလုပ်အကိုင်ရာဇ၀င်နှင့် အလုပ်လိပ်စာတို့ကို မထည့်သွင်းသင့်သည့် အကြောင်းရင်းမှာလည်း နေရပ်လိပ်စာနှင့် အတူတူပင်ဖြစ်သည်။ အလုပ်အကိုင်ရာဇ၀င်ထည့်သွင်းခြင်းက စိတ်အနှောက်အယှက်ဖြစ်စေနိုင်သည့် လုပ်ဖော်ကိုင်ဖက်ဟောင်းများက သင့်ကို အလွယ်တကူရှာဖွေတွေ့ရှိစေနိုင်သည်။ ထိုသို့အဖြစ်မျိုးကို Linked In တွင် ကြုံတွေ့ရခြင်းဖြင့်ပင် လုံလောက်ပြီဟု ဆိုနိုင်သည်။ ၃။ ဖုန်းနံပါတ် ဖေ့စ်ဘုတ်အား ဖုန်းနံပါတ်တစ်ခု သေချာပေါက်ပေးအပ်သင့်သော်လည်း သင်အမှန်တကယ်အသုံးပြုနေသည့် ဖုန်းနံပါတ်အစစ်မဖြစ်သင့်ပေ။ ဖေ့စ်ဘုတ်တွင် ဖုန်းနံပါတ်တစ်ခု ထည့်သွင်းခြင်းဖြင့် ၂ ဆင့်ခံစစ်ဆေးမှု အသုံးပြုကာ သင်၏အကောင့်ကို ပိုမိုကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော် သင်၏ဖုန်းနံပါတ်အစစ်ကို ထည့်သွင်းပါက ထိုဖုန်းနံပါတ်ကို သိသူ မည်သူမဆို သင့်ကို ဖေ့စ်ဘုတ်တွင် ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်ပြီး ထိုသို့ဖြစ်စေချင်မည် မဟုတ်ပေ။ ဖေ့စ်ဘုတ်သူငယ်ချင်းများသာ ကြည့်ရှုနိုင်သည်ဟု ထင်မှတ်ထားသည့် သင်၏ profile အချက်အလက်အချို့ကိုပင် ဖုန်းနံပါတ်သိရုံဖြင့် ၀င်ရောက်ကြည့်ရှုနိုင်သည်။ ဖုန်းနံပါတ်အစစ် ထည့်သွင်းမည့်အစား Google Voice ကဲ့သို့ ၀န်ဆောင်မှုများ အသုံးပြုသင့်သည်။ ထိုဝန်ဆောင်မှုတွင် ဖုန်းနံပါတ်တစ်ခု အခမဲ့ရယူနိုင်ပြီး ထိုနံပါတ်သို့ရောက်ရှိလာသည့် မက်ဆေ့ခ်ျများကို သင်၏ဖုန်းနံပါတ်အစစ်နှင့် အီးမေးလ်များထံ ပြန်လည်လွှဲပြောင်းပေးပို့နိုင်သည်။ ထိုနည်းဖြင့် ဖုန်းနံပါတ်အစစ် အသုံးမပြုဘဲ နှစ်ဆင့်ခံစစ်ဆေးမှုကို အသုံးပြုနိုင်သည်။ ၄။ မွေးနေ့ ဖေ့စ်ဘုတ်တွင် မွေးနေ့ကို ထည့်သွင်းခြင်းမပြုသင့်သည့် အကြောင်းရင်းအချို့ရှိသည်။ ပထမတစ်ခုမှာ နှစ်စဉ် သင့်အား ဖေ့စ်ဘုတ်တွင် မွေးနေ့ဆုတောင်းပေးသည့် ရာနှင့်ချီသည့် သူငယ်ချင်းများကို ကျေးဇူးတင်စကား ပြန်ပြောနေရန်မလိုခြင်းဖြစ်သည်။ ပိုမိုအရေးပါသည့်အချက်မှာ တစ်စုံတစ်ဦးက သင်မသိဘဲ သင်၏ ဖေ့စ်ဘုတ်အကောင့်ကို အသုံးပြုခွင့်ရရှိပါက သင်အစစ်ဖြစ်ကြောင်း အတည်ပြုရန် မွေးနေ့ကို အချက်အလက်တစ်ခုအဖြစ် အသုံးပြုသွားနိုင်ခြင်းဖြစ်သည်။ ၅။ အမြင်နှင့်စိတ်ဝင်စားမှုများ သင်၏ဖေ့စ်ဘုတ် wall နှင့် သူငယ်ချင်းများ၏ post များတွင် comment ရေးရာတွင် စိတ်ကြိုက်ရေးလိုရာ ရေးနိုင်သည်။ သို့သော် ဖေ့စ်ဘုတ်သည် သင်မည်သူ့ကို စိတ်ဝင်စားသည် နိုင်ငံရေး၊ ဘာသာရေးအမြင်များ မည်သို့ရှိသည်ကို မေးမြန်းလေ့ရှိသည်။ ထိုအချက်များ ထည့်သွင်းခြင်းက သင့်အတွက် မည်သည့်အကျိုးမျှမရှိဘဲ ဖေ့စ်ဘုတ်က သင့်ကို ကြော်ငြာ်များရွေးချယ်ပြသရာတွင် အသုံးပြုရန်အတွက်သာဖြစ်သည်။ KHTun The Ladies News

No comments: