မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, March 1, 2016
NLD ပါတီ တိုင်ကြားရေးဌာန ဖွင့်လှစ် ၊ ပါတီကိုယ်စားလှယ်များ ညံ့ဖျင်းပါက တိုင်ကြားနိုင် ဟု ဆို ----- -----
NLD ပါတီ တိုင်ကြားရေးဌာန ဖွင့်လှစ် ၊ ပါတီကိုယ်စားလှယ်များ ညံ့ဖျင်းပါက တိုင်ကြားနိုင် ဟု ဆို
----- ----- -----
ဒုတိယအကြိမ် လွှတ်တော်အသီးသီးတွင် NLD ပါတီအမတ်ဦးရေ များပြားလာသည်နှင့်အမျှ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့် ကိုယ်ကျင့်တရားကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ တိုင်ကြားရေး ဌာနတစ်ခုအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်ဟု ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ဇဗ္မူသီရိ အစည်းအဝေးဆောင်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံအပြီး ပြောသည်။
“ကျွန်တော်တို့ NLD နဲ့ ပတ်သက်လို့ တိုင်ကြားရေးဌာဆိုတာ ဖွင့်လိုက်ပြီ။ တိုင်ကြားရေးဌာနကို စီအီးစီ အရန် ကော်မတီဝင် ဖြစ်လာတဲ့ ဒေါက်တာ မျိုးညွန့်ကို တာဝန်ပေးထားတယ်” ဟု ၄င်းကဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များ လုပ်ဆောင်ချက်ညံ့ဖျင်းနေပါက ကျွမ်းကျင်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အတွက် ဆန်ရင်းနာနာဖွတ်ရန် လိုအပ်ကြောင်းလည်း ၄င်းက ထပ်လောင်းပြောသည်။
“တိုင်ချင်ရင် NLD ကိုတိုင်လေ။ တိုင်ကြားတဲ့သူ မှတ်ပုံတင်နံပါတ်ပါရမယ်၊ လိပ်စာပါရမယ်၊ ဖုန်းနံပါတ်ပါရမယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ မကျေနပ်တာတွေ လုပ်သင့်တာကို မလုပ်ဘဲနဲ့ လျစ်လျူရှုတာတွေ၊ ယုတ်စွအဆုံး မူးယစ်ရမ်းတာလည်း ပါတယ်” ဟု ဦးဝင်းထိန်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်များ တစ်ပတ်တစ်ခါ တွေ့ဆုံရခြင်းသည် လွှတ်တော်လုပ်ငန်းဆိုင်ရာ တိုင်ပင်ခြင်း၊ လွှတ်တော်တွင်း ကိုယ်စားလှယ်များ ပြောဆိုဆွေးနွေးမှုနှင့် ချိတ်ဆက်မှုများ အရည်အချင်းမြှင့်တင် ပေးခြင်း ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။
“အခု ၃၉၀လောက်ဖြစ်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်လို တစ်ပတ်တစ်ခါလောက် တွေ့နိုင်မှာ မဟုတ်ဘူး၊ တစ်လတစ်ခါလောက် ကြိုးစားပြီးတော့ တွေ့မယ်။ တွေ့တဲ့အခါမှာ ကိုယ်စားလှယ်တွေရဲ့ ချို့ယွင်းချက်တွေ ရှိရင် ပြင်ရမယ်။ ပြင်ရတဲ့ ရည်ရွယ်ချက်က
ပြည်သူလူထုအကျိုးကို ဆောင်ကြဉ်းပေးဖို့ ဖြစ်သလို နောင်အနာဂတ်မှာ ပြည်သူလူထု အားကိုးရမယ့် ခေါင်းဆောင်တွေ ဖြစ်လာအောင် ကိုယ့်ကိုယ်ကိုယ်မွေးကြဖို့ပါ” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် စည်းကမ်းအရှိဆုံး အဖွဲ့နှစ်ဖွဲ့သာ ရှိပြီး တပ်မတော်နှင့်
NLD ပါတီဖြစ်ကာ NLD ပါတီ ဥက္ကဋ္ဌ လမ်းညွှန်ချက်များအတိုင်း လွှတ်တော်အသီးသီးတွင် စည်းကမ်းရှိရှိ လုပ်ဆောင်နေခြင်းအား အသိအမှတ်ပြုပြီး ဂုဏ်ယူသည် ဟု ဦးဝင်းထိန်က ဆိုသည်။
“အခု ကိုယ်စားလှယ်များလာတဲ့အခါမှာ စည်းကမ်းရှိရှိသွားနေတဲ့ အရည်အချင်းကို ဆက်ပြီးတော့ ထိန်းဖို့်ရယ်၊ နောက်ပြီတော့မှ ကိုယ်စားလှယ်တွေကို သာယာမှုပေါ့၊ ဆင်းရဲတာခံနိုင်ပြီး ချမ်းသာတာ မခံနိုင်ခြင်းမျိုး မဖြစ်လာအောင် ကြိုးစားပြီးတော့ ထိန်းသိမ်းကြဖို့ တိုက်တွန်းတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်များ
ကို ပြောဆိုကြောင်းလည်း ၄င်းက ထပ်လောင်းပြောသည်။
အချို့သော ကိုယ်စားလှယ်များသည် ပါတီမှ ဖြေဆိုခိုင်းသည့် စာမေးပွဲအား အလေးမထားသည့်အတွက် စာမေးပွဲဖြေဆိုချိန်တွင် သုည ရသူများပင်ရှိပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းကိုယ်စားလှယ်များသည် စားမေးပွဲဖြေဆိုရာတွင် အညံ့ဆုံးဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ဆိုသည်။
သတင်း - ကိုပေါက်
ဓာတ်ပုံ - ကိုပေါက်
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment