Monday, November 9, 2015

ဒေါ်မြ ချစ်သော ဗိုက်ပူကြီး "

ဒေါ်မြ ချစ်သော ဗိုက်ပူကြီး "

အဲ့ ဒီဗိုက်ပူကြီးကို တကယ်ချစ်တာ..။ ဪ တမျိုးတွေး မနေနဲ့ ကျွန်မပြောတာ ဟောဟိုမှာ လာနေတဲ့ ၃၉ ဗိုက်ပူ စစ်ကျန် ဘစ်ကားကြီးကိုပြောတာ... ။ မချစ်ပဲ နေနိုင်ပါ့မလား နေ့ပေါင်းများစွာ သူ့ရင်ခွင်မှာ ခိုလှုံပြီး လိုရာခရီးဆက်ခဲ့ရတာလေ။ အမြင်မလှပါဘူး။ ဆေးသားတွေက ဟောင်းညစ်ပြီးကွာလို့ .. ဘေးတံဖက်တချက်မှာ ကွမ်းတံတွေးတွေ ချေးတွေ အထပ်ထပ်။ ထိုင်ခုံတွေပေါက်ပြဲ ..။ အရောင်မှိန်နေတဲ့ မီးခွက်တွေက အလင်းမပါပဲ ဟန်ပြတပ်ထားတာ ဖြစ်နိုင်တယ်။ မြို့ထဲရောက်လို့ အဲ့ဒီကားပေါ်က ဆင်းလာတာဆိုရင် လူတော်တော် များများ အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ ဒါပေမယ့် ကျွန်မတို့ မတတ်နိုင်ဘူး ဒီကားကြီးပေါ်မှာ နေ့ပေါင်းများစွာ ကုန်လွန်ရဦးမှာပဲ။

ပြောရဦးမယ်။ အရင့်အရင် ဒရိုင်ဘာတွေ ကားနောက်လိုက်တွေ အင်မတန် မိုက်ရိုင်းတာရှင့်။ ခရီးသည်တွေ ဒီကားစုတ်ကြီးထဲမှာ ကျပ်ညပ်ပြွတ်သိပ်ပြီး ဘယ်လောက် ဒုက္ခခံ စီးရလည်း ကိုယ်ချင်းမစာဘူး။ ချိုင့်တွေ ခွက်တွေလဲမရှောင်ပဲ မောင်းတော့ တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ခရီးသည်တွေ ရော ကားကြီးရော ဒုက္ခရောက်လိုက်တာရှင်။ တံခါးတွေ အလုံပိတ်ထားတော့ အပြင်ကိုလည်းမမြင်ရဘူး ။ အသက်တောင် ဝယ မရှူခဲ့ရတဲ့ အချိန်တွေပေါ့ ..။ အပြစ်သွားပြော ပြန်ရင်လည်း ရဟန်းသံဃာနဲ့ ကျောင်းသားမကျန် ကားပေါ်က အတင်း ဆွဲချတော့ ကျွန်မတို့အားလုံး ပါးစပ်လေးတွေပိတ် မျက်လုံး လေးတွေမှိတ်ပြီး အံကြိတ်လိုက်ခဲ့ကြရတာ။ ပြန်တွေးမိရင် ရင်နာတယ်။ ဒ့ါအပြင် ဒရိုင်ဘာ လူယုတ်မာတွေက ကားကြီးဆီကနေ ဖြုတ်လို့ရသမျှ ဖြုတ်ယူပြီး ရောင်းစားလို့ ကျွန်မ ချစ်တဲ့ ဗိုက်ပူကားကြီး တနေ့တခြား ယိုယွင်းပျက်စီးလာတယ်။ ဂျူံးဂျူံးကျလာတယ်။

အမှန်က ခရီးသည်တွေ စည်းကမ်းမရှိတာ လည်းပါပါတယ်။ ခုတော့ ကြည့်ပါဦး ကားကြီး တခုလုံး ညစ်ပတ်ပေပွ အိုဟောင်း မဲတူး စုတ်ပြတ်သတ်လို့။ တလောကတော့ ဒရိုင်ဘာ ဦးလေးကြီး အသစ်တယောက် ပြောင်းတယ်လေ။ ကျွန်မတော့ သူ့ကို ချစ်တယ်။ အေးလို့.... ပြုံးပြုံး ပြုံးပြုံးနဲ့။ အရင် ဒရိုင်ဘာတွေလို ခရီးသည်တွေ ဆူညံဆူညံလုပ်လည်း သူကခပ်အေးအေးပဲ ။ ဘာမှ မပြောဘူး။ ကျွန်မချစ်တဲ့ ဗိုက်ပူကားကြီးကို အဆိုးဆုံး လမ်းတွေပေါ်မှာ သက်တောင့်သက်သာ အရှိဆုံးဖြစ်အောင် သူမောင်းသွားတာ သိပ်ပညာသားပါ တာပဲ။ ပြတင်းတံခါးတွေဖွင့်ပေးတယ်။ လေကောင်းလေသန့်တွေ တဝကြီး ရှူရတဲ့ အပြင် .. အပြင်ဘက်က မြင်ကွင်းတွေ ထင်ထင်ရှားရှား မြင်ရတယ်။ ခရီးသည်တွေကိုတော့ ပြောမနေနဲ့တော့ တော်ရေ့။ ဟိုက ငြိမ်ခံမှန်းသိတော့ ပြောလိုက် ဆိုလိုက် ပြစ်တင်ရှုံ့ချ လိုက်ကြတာ ၂ ယောက်မရှိဘူး။ အရင်ဒရိုင်ဘာတွေတုန်းက ငုံခံခဲ့ ရသမျှ ဒီအဖိုးကြီးမှ လှိမ့်နေအောင်ပြောကြတာ။ ခမျာလည်း သနားပါတယ်။ ဆီဂျီးတွေ ဗလပွ ၊ တကိုယ်လုံး ပေတူးညစ်ပတ်လို့ အရင်ဒရိုင်ဘာတွေ ပိုးစိုးပက်စက်ကိုင်ခဲ့တော့ ကားကပျက်လိုက် ကိုယ်တိုင်းဆင်းပြင်ပြီး ဆက်မောင်းလိုက်နဲ့ .. ။ တခါတလေ လမ်းမှာ အကြွေးပေးစရာရှိတဲ့ ဝပ်ရှော့တွေ မပေးနိုင်လို့ ဆင်းတောင်းပန်တဲ့ အခါ သူ့ခမျာ အိင်္ကျီတောင် ပြန်ပါမလာရှာဘူးရယ်။ တိုင်ထောက်ထားတဲ့ ဂီယာအုံ အပေါ်နားက ဘုရား ပုံတော်လေးတော့ သူအထိမခံဘူး။ သံဃာတော်များသာ နေရာကို လူပုဂ္ဂိုလ် မထိုင်စေရဘူး။ ခရီးသည်တချို့ သူ့ကို နားလည်ကြပေမယ့် ။ တချို့ကတော့ နှေးရကောင်းလားဟ၊ ချိုင့်တွေ မရှောင်ရ ကောင်းလားဟ ၊ ပျက်ပြန်ပလား ကွ ဆိုပြီး ပြောကြဆိုကြတာများရှင် ။ကိုယ့်ကားမှ ကိုယ်အားမနာ မကြားဝံ့ မနာသာရယ်။ သူကတော့ ကျွန်မချစ်တဲ့ ဗိုက်ပူကြီး ချောက်ထဲမကျရလေအောင် ခရီးသည်တွေ သက်တောင့်သက်သာရှိအောင် ချွေးဒီးဒီးကျအောင် ဂရုစိုက်မောင်းနေရတော့ သူ့ကိုဆဲတဲ့ စကားတွေ ကြားမယ်တောင် မထင်ပါဘူး။

ခရီးသည်တွေ ကိုလည်း ကျွန်မ အပြစ်မဆိုသာပြန်ဘူး။ သူတို့ လိုရာ ပန်းတိုင်ရောက်ရေးအတွက် နှောင့်နှေးခဲ့တာ ကြာပြီကိုး။ ဒါပေမယ့်လည်း ကိုင်း .. နင်တို့ဘာသာ တတ်မောင်းဆိုပြီး လွှတ်သာပေးလိုက် နိုင်နိုင်နင်းနင်း မောင်းနိုင်တဲ့ကောင် တကောင်မှမပါဘူးရယ်။

ဪ ရှေ့မှာ ရုတ်ရုတ်သဲသဲမို့.. လန့်သွားသလား။ မလန့်ပါနဲ့ ကျွန်မတို့ ချစ်တဲ့ ဗိုက်ပူကြီးကို ကူမောင်းပေးဖို့ အန်တီတယောက် စောင့်နေတာ ..။ ကားပေါ်က လူတွေ ဆီချေး ဗလပွနဲ့ ချွေးဒီးဒီးကျ ပြီး အိင်္ကျီ မပါတော့တဲ့ ကျန်းမာရေး သိပ်မကောင်းတဲ့ ဦးလေးကြီးကို ကျောခိုင်းပြီး ... BMW ကားသစ်ကြီး မောင်းလာတဲ့ အဲ့ဒီအန်တီကို လက်ခုတ်လက်ဝါးတွေတီးလို့ ကြိုဆိုကြတယ်။ ကျွန်မချစ်သော ဗိုက်ပူကြီးအား မည်သူက ဆက်လက် ပဲ့ကိုင်မောင်းနှင်ပါစေ ကားပေါ်တွင် စည်းကမ်းပြည့်ဝသော ခရီးသည်တဦးအဖြစ် ကျွန်မ ဆက်လက်လိုက်ပါ သွားမှာပါ... ။
ကျွန်မ သူ့ကိုဖျတ်ခနဲ သတိရသွားတယ်။
လှည့်ကြည့်လိုက်တော့ သူလည်း လက်ခုတ်လေးတီးလို့ ...။ ဒါပေမယ့် သူ့မျက်ဝန်းထဲမှာ ကျွန်မ ချစ်တဲ့ ဗိုက်ပူကြီးကို စိတ်မချတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်။ ကျွန်မ ချစ်တဲ့ ဗိုက်ပူကြီး ရဲ့ အထာ ၊ ဂျူံးဂျူံးကျနေတဲ့ ဂီယာတံတွေရဲ့ အကွက်တွေ ၊ ပန်းမပါတော့တဲ့ ဟန်ပြ တာယာတွေရဲ့ အထာတွေ ၊ တခါတခါလပညာထထပြချင်တဲ့ စပယ်ယာတွေ ရဲ့ ဆက်ဆံရေး သူထက်ပိုပြီး ဘယ်သူသိမှာလဲ။ သူ့ထက်ပိုပြီး ဘယ်သူကောင်းအောင် မောင်းနိုင်မှာလဲ။ နောက်ဆုံးပေါ် ပြိုင်ကားတွေရဲ့ အမြန်နှုန်းနဲ့ ကျွန်မချစ်တဲ့ ဗိုက်ပူကြီးကို မယှဉ်ပါနဲ့ ။ သူတို့ ဘယ်လောက်မြန်မြန် မောင်းနိုင်လဲဆိုတာ အဖြေရှာနေတဲ့ အချိန်မှာ ကျွန်မတို့ လိုရာပန်းတိုင်ရောက်ဖို့ ရုန်းနေရတုန်း ၊ ကားမပျက်ဖို့ ဆုတောင်းနေရတုံး။ ကျွန်မ ကိုယ်တိုင် မြန်မြန်သေပါစေလို့ ဆုတောင်းဖူးတဲ့ အရင် ဒရိုင်ဘာမသာကြီး တွေနဲ့ မယှဉ်ပါနဲ့ ..။ သူတာဝန်ယူနေရတဲ့ ကာလမှာ ကျွန်မ ချစ်တဲ့ ဗိုက်ပူကြီးကို သူအကောင်းဆုံး ပြုပြင် ပဲ့ကိုင်နိုင်ခဲ့ပါတယ်။

အားရဝမ်းသာ ဆူညံနေတဲ့ လူအုပ်ထဲက ကျွန်မ ထွက်လိုက်တယ်။ တယောက်တည်းနောက်မှာ တိတ်တိတ်လေးရပ်နေတဲ့ သူ့အနားမှာ ရပ်တယ်။ ပြီးတော့ ဆီချေးတွေပေနေတဲ့ သူ့လက်ကို လှမ်းတွဲလိုက်တယ်။

ကျွန်မ တွဲ လိုက်တဲ့ လက်မှာ ... ပံ့ပိုးမှုမပါ။ မျှော်လင့်ချက်မပါ။ ရယူလိုမှုမပါ ။ နိုင်ငံရေးမပါ။ လူမျိုးရေးမပါ..။ ဘာသာရေးမပါ။ ဘာဆို ဘာမှ မပါ။

နှလုံးမှာ စက်တပ်ထားသော်ညားလည်း နှစ်ပေါင်း ၃၀ အတွင်းမှာ လူသားအဆန်ဆုံး အကောင်းဆုံး အညင်သာဆုံး ကျွန်မချစ်တဲ့ ဗိုက်ပူကြီးကို အုပ်ချုပ် ပဲ့ပိုင်ပေးခဲ့သော အသက်၆၀ ကျော် အဖိုးအိုကြီး တဦးအား .. သူ့ရဲ့ ပေးဆပ်ကြိုးစားခဲ့တဲ့ ၅ နှစ်တာ စေတနာ ခရီးစဉ်အတွက် ကျွန်မ၏ နောက်ဆုံး ဂုဏ်ပြုလက်ဆောင် လေးသာ...,

ဖြည့်စွက်ချက် ၁
တခါတလေ နိုင်ငံရေးဆိုတာ မျက်လုံးတဖက်တည်း ပိတ်ကြည့်လို့ မရဘူးဟ။ ဗိုလ်ချုပ်ကိုပဲကြည့် အင်္ဂလိပ်ကို တော်လှန်ဖို့ ဖက်ဆစ်ကိုပေါင်းတယ် ဖက်ဆစ်ကို ပြန်တော်လှန်ဖို့ အင်္ဂလိပ်ကို ပြန်ခေါ်တယ်။ အခြေအနေ အရ လိုအပ်တဲ့လူကို ဘယ်လောက်ပဲ မုန်းနေနေ ပြုံးပြီး လက်တွဲနိုင်ရတယ် ။ NLD သီးသန့် ဆက်အုပ်ချုပ်မှာထက်စာရင် USDP က လူမှန်ချို့နဲ့ အတူပူးပေါင်းတိုင်ပင် အုပ်ချုပ်တာ နိုင်ငံ အတွက် ပိုကောင်းလိမ့်မယ်လို့ မြင်တယ်။ စစ်အစိုးရမကောင်းတာ နှစ်ပေါင်း ၂၀ ၊ အင်္ဂလိပ်တွေ ကျွန်လုပ်သွားတာ နှစ်ပေါင်း၁၀၀။ ဒါတောင် လိုအပ်တော့ ဗိုလ်ချုပ် အင်္ဂလိပ်တွေကို လက်ဆွဲနှုတ်ဆက်ပြီး တည့်အောင်ပေါင်းပြီး လွတ်လပ်ရေး အရယူနိုင်ခဲ့တယ်။ အမေစု မညံ့ပါဘူး... ပြောတာ မယုံရင်ကြည့်နေ သူတို့ အတူပူးပေါင်းပြီး အကောင်းဆုံး result ထုတ်သွားလိမ့်မယ်။ အတ္တသမားတွေ ပါတီ ခွဲနေလဲ အလကားပဲ

ဖြည့်စွက်ချက် ၂
ခက်ဆစ်
ဗိုက်ပူကြီး = မြန်မာနိုင်ငံ
အရင်ဒရိုင်ဘာများ = စစ်အစိုးရ
နောက်ဆုံး ဒရိုင်ဘာကြီး = ဦးသိန်းစိန်
အကြွေးရှင် ဝပ်ရှော့ = အိမ်နီးခြင်း နိုင်ငံတချို့
ပြတင်းပေါက်များ = ပြည်တွင်းပြည်ပ မီဒီယာ
ကားပစ္စည်း = နိုင်ငံပိုင် သယံဇာတ များ
ယာဉ်နာက်လိုက် = ဝန်ကြီးတချို့
BMW = အင်္ဂလန်နိုင်ငံ
ဒရိုင်ဘာအန်တီ = ဒေါ်အောင်ဆန်းစုကြည်
နောက်ဆုံးလက်ဆောင် = ထပ်ပက်သက်ရန် မရှိတော့ပါ

Mya Khwar Nyo

No comments: