Thursday, November 5, 2015

"မဲပေးဖို့ စဉ်းစားနေပါတယ်"

"မဲပေးဖို့ စဉ်းစားနေပါတယ်"

မဲပေးဖို့ ရက်နီးကပ်လာပြီ။ ဒီအချိန်မှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စကားတွေ ပြောဖြစ်ပါတယ်။

သူငယ်ချင်း အရင်းကြီးတွေထဲမှာ အနီမှ အနီ ရဲရဲတောက်တွေလည်း ရှိပါတယ်။ တဖြည်းဖြည်းနဲ့ စိတ်မကောင်း ဖြစ်စရာတွေ တွေ့လာရပါတယ်။

"မင်း ဘယ်သူ့ကို မဲပေးမှာလဲ"
"စဉ်းစားနေတုန်းပဲ သူငယ်ချင်း" ကောင်းကောင်းပြန်ဖြေပါတယ်။

"မင်း ထမင်းစားတဲ့ လူမဟုတ်ဘူးလား။ မင်းခေါင်းမှာ ဂျိုမပါဘူး မဟုတ်လား။ အဖြေက ရှင်းနေတာပဲ" ဆိုပြီး ပြောလာတဲ့ အနီသူငယ်ချင်းတွေ။

အနီသူငယ်ချင်းတွေ ရိုင်းစိုင်းလာတယ်။ ရန်လိုလာတယ်။ စကားပြောရင် တစ်ဖက်သတ် ပြောတယ်။ အဆိုးဆုံးကတော့ သဃာတွေကို စော်ကားတာပါပဲ။

"ဒီည တရားပွဲ သွားမယ်။ ဒီဘုန်းကြီး ဘာဟောမလဲ သွားကြည့်မှာ။ တရားနာမှာ မဟုတ်ဘူး။ အမှားပါပြီ ဆိုလို့ကတော့ တွယ်ပြီပဲ"

တကယ့်ကို ပညာရှိကြီး ကဝိကြီး တစ်ယောက်လို ပြောနေတာ။
သူငယ်ချင်းရေ မင်းတို့ ငါတို့ အတူတူ ပေါင်းသင်းလာကြတာ ကြာပါပြီ။
မင်း ဘာကောင်လဲ ငါတို့ အားလုံး သိပါတယ် လို့ စိတ်ထဲမှာ ပြောနေမိပါတယ်။

သူငယ်ချင်းရေ မင်းတို့တတွေ လတ်လျားလတ်လျား ဂလေရိုက်နေတဲ့အချိန်မှာ ငါတို့ အလုပ်ကြိုးစားလုပ်နေတာပါ။ မင်းတို့ ပြောတဲ့ နိုင်ငံရေးကို ငါတို့ စာတွေ ဖတ်ပြီး လေ့လာနေတာပါ။

သမ္မတကြီးဆိုရင်လည်း ကိုယ့်အဖေအရွယ်၊ အဖိုးအရွယ်ကို ဦးတောင် မတပ်တော့ဘဲ ပက်ပက်စက်စက် ပြောနေလိုက်တာ။ နားထဲမှာ ကလောလာတယ်။

မင်းတို့ "ပြောင်ကြီး" "သိန်းစိန်" ဆိုပြီး ပြောနေတဲ့ သမ္မတကြီးကြောင့် မင်းတို့ ငါတို့ ဒီလိုမျိုး ပြောချင်တိုင်းပြော ဆဲချင်တိုင်းဆဲခွင့် ရနေတာ မဟုတ်ဘူးလား။ စစ်အစိုးရခေတ်မှာတုန်းက မင်းတို့ ဘယ်လို ဆိုတာ ငါတို့ အသိဆုံးပါ။ မင်းတို့ ရွေးထားတဲ့ ကိုယ်စားလှယ်လောင်း ဘယ်လောက် အသုံးကျတယ်၊ အသုံးမကျဘူး ဆိုတာ ငါတို့ အသိဆုံးပါ သူငယ်ချင်း။

မင်းတို့တတွေ လူကြီးမှန်းမသိ သူကြီးမှန်းမသိ အနီကို မထောက်ခံရင်ပဲ လူမဟုတ်တော့သလိုလို၊ ဦးနှောက်မရှိတော့သလိုလို အသံချဲ့စက်ကြီးတွေ အသံကုန်ဖွင့်၊ လမ်းပြောင်းပြန်မောင်း၊ လမ်းတွေ ပိတ်၊ စည်းမရှိ ကမ်းမရှိ လုပ်ချင်တိုင်းလုပ်နေတာတွေကို ဘာမှမပြောတဲ့ ပြည်သူအားလုံး မင်းတို့ကို ကြိုက်တယ် ထင်နေသလား။

သံဃာတွေကို စော်ကား ဒို့သာသနာကို အပုပ်ချတေဲ့ မင်းတို့ကို စိတ်ပျက်လက်ပျက် ကြည့်နေတဲ့၊ မင်းတို့ပြောတာ ခေါင်းမညိတ်ဘဲ နားထောင်နေတဲ့ ငါတို့မှာ ဦးနှောက်ရှိတယ် သူငယ်ချင်း။

လူတိုင်းဟာ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာပါပဲ။ ရွေးကောက်ပွဲ ဆိုတာလည်း ပြီးတော့လည်း ပြီးသွားမှာပါပဲ။

ရွေးကောက်ပွဲ ပြီးလို့ မင်း အလုပ်မလုပ်ဘဲ တစ်ချီတည်း ချမ်းသာလာမယ် ထင်နေသလား။ ငါတို့ကိုရော အဲဒီလို ထင်စေချင်တာလား။ မင်း အလုပ်မလုပ်ရင် မင်း ငတ်သွားမှာပေါ့။

ပြောင်းလဲဖို့ အချိန်တန်ပြီ ဆိုတဲ့ ပိုစတာကြီး ကပ်ထားတဲ့ လမ်းထိပ်က ကွမ်းယာဆိုင်က အောင်သန်းဝင်းလည်း ကွမ်းယာ ဆက်ပြီး ရောင်းနေရမှာပါပဲ။ အကြော်သည် ဒေါ်ဘုလည်း ဆက်ပြီး အကြော်ရောင်းနေရမှာပါပဲ။

ဘယ်သူနိုင်နိုင် ကိုယ်လုပ်မှကိုယ်စားရမှာ၊ ကိုယ်ကြိုးစားမှ ကိုယ်တိုးတက်မှာ။ ကိုယ်ရွေးတဲ့ အစိုးရ ကိုယ်ရလာမှာပါပဲ သူငယ်ချင်း။

မင်းတို့ အနီတွေ ဒီလိုမျိုး စည်းမရှိ ကမ်းမရှိ လုပ်ချင်တိုင်း လုပ်ပြနေတာ ဒီမိုကရေစီလား။ အနီကို မထောက်ခံရင်ဘဲ ခွေးလိုမျိုး ဆဲဆိုနေကြတာ ဒီမိုကရေစီ လား သူငယ်ချင်း။

မင်းတို့လို စည်းမဲ့ကမ်းမဲ့တွေ အာဏာရလာရင် စည်းပျက်ကမ်းပျက် ဒီမိုကရေစီ ပဲ ဖြစ်လာမှာ ငါတို့ သိတယ်။

မင်းတို့တွေ ဘယ်လောက်အရည်အချင်း ရှိသလဲ၊ ဘယ်လောက် စေတနာ ထားသလဲ ငါတို့ သိတယ်။

ရပ်ကွက်ထဲမှာ သာရေးနာရေးတောင် ဦးမဆောင်နိုင်ဘဲ၊ ကိုယ့်အိမ်ရှေ့က အမှိုက်တောင် တစ်ခါမှ မရှင်းဘူးဘဲ အနီဝတ်ပြီး အမေစု အော်နေရုံနဲ့ ပြောင်းလဲလာမယ် ဆိုတာ ငါတို့ မယုံကြည်ဘူး။

ဒီလို လူတွေ အုပ်ချုပ်တဲ့ နိုင်ငံ စင်္ကာပူလို ဂျပန်လို ဖြစ်လာမယ် လို့ ငါတော့ မယုံကြည်ဘူး။

မင်းတို့တတွေ ပြောနေတာ အကုန်လုံး အစိုးရမကောင်း၊ စစ်အစိုးရမကောင်း၊ စစ်အာဏာရှင်မကောင်း၊ ဒါတွေ ပြောင်းလဲရမယ်။ ဒါပါပဲ။ မင်းတို့ ပြောတတ်တာ ဒါပါပဲ။

မင်းတို့ လုပ်ရပ်တွေကို ကြည့်ပြီး မင်းတို့ ပြောင်းလဲမယ့် အပြောင်းအလဲကို ငါတို့ မြင်ယောင်ကြည့်နေပါတယ်။

သူငယ်ချင်း
ငါတို့ဟာ သူများပြောတိုင်း မယုံပါဘူး။
သူများ ခြိမ်းခြောက်တိုင်း မကြောက်ပါဘူး။
သူများ ဖိအားပေးတိုင်း လက်မခံပါဘူး။

မင်းတို့ သတ်မှတ်သလို ငါတို့က ဂျိုပါတဲ့ နွားတွေ မဟုတ်ပါဘူး။
ထမင်းမစားတဲ့ တိရိစ္ဆာန်တွေလည်း မဟုတ်ပါဘူး။

ငါတို့ လူပြိန်းတွေ မဟုတ်ဘူး သူငယ်ချင်း ။ ငါတို့ ပြည်သူတွေ ငတုံးတွေ မဟုတ်ဘူး။

အခု ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ NLD ဆိုတဲ့ မင်းတို့ကို ကြည့်ပြီး စိတ်ပျက်တယ် ဆိုတာထက် စိတ်ကုန်လာတယ် သူငယ်ချင်း။

မင်းတို့တတွေ ရိုင်းရိုင်းစိုင်းစိုင်း ယုတ်ယုတ်မာမာတွေ ပြောဆိုနေကြပေမယ့်လည်း ဒေါသနဲ့ ခွန်းတုံ့ပြန်ခြင်း၊ အရေးယူခြင်း မရှိဘဲ ပြုံးပြုံးရွှင်ရွှင် ကရုဏာမျက်နှာနဲ့ သမ္မတကြီး မျက်နှာကို မြင်ယောင်မိတယ်။

မင်းတို့တတွေ သမ္မတကြီးကို မှိုချိုးမျှစ်ချိုး ပြောနေတဲ့အချိန်မှာ ငါ့မျက်စေ့ထဲမှာ သမ္မတကြီး မျက်နှာကိုပဲ မြင်ယောင်နေမိတယ်။ မင်းတို့ရဲ့ အမေစုကို ငါတို့လည်း လေးစားပါတယ်။ ဒါပေမယ့် မှိုချိုးမျှစ်ချိုး ဘယ်သူမှ မပြောကြပါဘူး။

လူဆိုတာ ဦးနှောက်ရှိပါတယ်။ ငါတို့ စဉ်းစားနေတယ်။
ငါပေးချင်တဲ့သူကို ပေးမယ်။ မင်းတို့ကိုတော့ မပေးဘူး။

ဒီစာ ရေးနေတဲ့ အချိန်မှာပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ သမ္မတကြီး မျက်နှာကိုပဲ ငါမြင်ယောင်နေတယ်။

ဒါဟာ အဖြေပါပဲ သူငယ်ချင်း။

(ဇော်သူရ)

Myanmar Liberal Nationalist

No comments: