သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အစ်ကို NLD ပါတီကိုယ်စားပြု ပြိုင်မည်
ထောင်ဒဏ်နှစ်ရှည် ကျခံနေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ အစ်ကိုဖြစ်သူ ဦးဆန်းမြင့်သည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLDပါတီ)
ကိုယ်စားပြုအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)၌ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ဦးဆန်းမြင့်က စက်တင်ဘာ ၁၆ ရက်တွင် မြန်မာ သံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။
““ကျွန်တော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)၊
NLD က ၀င်ရောက် ယှဉ်ပြိုင်မှာပါ။
အမှတ် (၃) ဆိုတာ ရေကြည်မြို့နယ် တစ်ခုလုံးနဲ့ ကျုံပျော်မြို့နယ် တစ်ခုလုံးကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) လို့ ခေါ်ပါတယ်ခင်ဗျ။
၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း NLD ပါတီက အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းပေါ့။
သို့သော် နိုင်ငံရေး ရာသီဥတုကြောင့် ယာယီ နုတ်ထွက်ခဲ့တာပါ။
၂၀၁၂ ခုနှစ်မှာ NLD ပါတီ ပြန်လည် မှတ်ပုံတင်တဲ့ အခါကျတော့ ပါတီဝင် ပြန်လျှောက် ထားတယ်လေ။
လျှောက်ထားပြီးတဲ့ အခါ အခု
၂၀၁၅ အခါကျတော့ မဲဆန္ဒရှင်တွေရဲ့ တောင်းဆိုချက်အရ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)ရေကြည်၊ ကျုံပျော်က ပြန်ဝင်တာပါ””ဟု ဦးဆန်းမြင့်က ပြောသည်။
ဦးဆန်းမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် လေးမျက်နှာမြို့နယ်၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၂) တွင် NLD ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ပြီး ယခုဝင်ရောက် ယှဉ် ပြိုင်မည့် ရေကြည်နှင့် ကျုံပျော် မြို့နယ်တို့ မှာ ၂၀၁၀ ရွေးကောက်ပွဲ ကာလက ၎င်း၏ညီဖြစ်သူ ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင် ဦးဆန်းဆင့် ရွေးချယ်ခံခဲ့ရသော နယ်မြေလည်း ဖြစ်သည်။
ဦးဆန်းဆင့်သည်၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ရေကြည် မြို့နယ် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီးနောက် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ယင်းနောက် သာသနာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ကာ အစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ငွေအလွဲသုံးစားမှု စွပ်စွဲချက်များဖြင့် တရားစွဲပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခံခဲ့ရ သူ ဖြစ်သည်။
ဦးဆန်းဆင့် အရေးယူခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့နှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်မှ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ကြီး များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ရဟန်းရှင်လူပြည်သူ တစ်သိန်းကျော် စုပေါင်းလက်မှတ် ရေးထိုး၍ ဦးဆန်းဆင့်ဘက် မှ ထောက်ခံကာ သမ္မတဦးသိန်းစိန်ထံ တောင်းဆို ခဲ့သော်လည်း ဦးဆန်းဆင့်အား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ရုံသာမက သရေစည်သူ ဘွဲ့ကိုပင် သမ္မတက ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်စာကိုပင် ဆက်လက် ထုတ်ပြန်ခဲ့သေးသည်။
ဦးဆန်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အမှတ် (၃) တွင် ဦးဝင်းထိန်(တစည)၊ ဒေါ်နန့်သန်းမြင့်ကြည် (မြန်မာနိုင်ငံတောင်သူ လယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ)၊ ဦးမောင်ညို(NDF)၊ ဒေါ်ခင်ချိုမွန် (မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးမြင့်သိန်းတို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
တင်ဇာအောင်
- “မြန်မာသံတော်ဆင့် လူထုရှေ့ဆောင်”ဆုရ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိုယ်စား ဆုတက်ယူ ပေးခဲ့သော ဦးဆန်းမြင့်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယက သူရဦးတင်ဦးနှင့်အတူ တွေ့ရစဉ်
မြန်မာသံတော်ဆင့်သတင်းဌာန-
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment