Saturday, September 19, 2015

ပြိုင်ဘက်များ ပယ်မဲဖြင့် အနိုင်ယူသွားနိုင်ကြောင်း NLD နာယက သတိပေး ※※※※※※※※※※

ပြိုင်ဘက်များ ပယ်မဲဖြင့် အနိုင်ယူသွားနိုင်ကြောင်း NLD နာယက သတိပေး
※※※※※※※※※※※※※※※※※※※
ပန်းတနော်၊ စက်တင်ဘာ၁၆

နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပယ်မဲများကြောင့် ပြိုင်ဘက်ပါတီမှ အနိုင်ရသွားနိုင် သဖြင့်မဲပေး ရာတွင် ပယ်မဲမဖြစ်စေရန် သတိထားကြစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ NLD ဗဟို အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးတင်ဦးက စက်တင်ဘာလ ၁၆ရက်က ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ ပြုလုပ်သည့် လူထုနှင့်တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားလိုက်သည်။ ပန်းတနော်မြို့ အောင်သပြေ ဘိုးဘွားရိပ်သာခန်းမဆောင်၌ ပြုလုပ်သည့် ပန်းတနော်မြို့သူမြို့သားများနှင့် NLD ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ဟော ပြောပွဲတွင် သူရဦးတင်ဦးမှ ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

““အခု ရွေးကောက်ပွဲစနစ်က အရင်လိုပဲ တစ်မဲသာသူ အနိုင်ယူ စနစ်ဖြစ်တယ်။၂၀၁၀ရွေး ကောက် ပွဲမှာတုန်းက ကြိုတင်မဲတွေနဲ့ အနိုင်ယူသွားခဲ့ကြတယ်။ အခုလည်းဘယ်လို အနိုင်ယူနိုင်လဲဆိုတော့ ခင်ဗျား တို့မဲတွေကို ပယ်မဲတွေအဖြစ်နဲ့ အနိုင်ယူသွားလိမ့်မယ်””ဟု NLD နာယကကြီးဦးတင်ဦးကပြောသည်။…

မြန်မာနိုင်ငံ အမှန်တကယ် ပြောင်းလဲတိုးတက်စေရန် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း ဆောင်ရွက်နေ၍မ ရဘဲ NLD ပါတီဝင်များနှင့် ပြည်သူလူထုတို့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ကိုမည်ကဲ့သို့ဖော် ဆောင်စေလိုသည်ကို သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်သာ အသိဆုံးဖြစ်၍ သူ၏ပါတီ NLD ကို ဗိုလ်ချုပ်ကျေးဇူးဆပ်သောအားဖြင့် မဲပေးစေလိုကြောင်း ဦးတင်ဦးက ဆက်လက်ပြောကြားခဲ့သည်။ NLD ပါတီ အနိုင်ရခဲ့ပါက အပြည့်အ၀ဆောင်ရွက်မည့် အချက်(၆) ချက်ကိုလည်း ရှင်းလင်း ပြောဆိုသွားခဲ့ကာ အမှန်တကယ် ပြောင်းလဲလိုပါက NLD ကို မဲပေးကြပါဟု တိုက် တွန်းသွားခဲ့သည်။

နာယကကြီး ဦးတင်ဦးသည် ပန်းတနော်မြို့မှတစ်ဆင့် မြောင်းမြ၊ ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့များသို့ သွားရောက်ပြီး ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲနှင့် လူထုဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ် သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆မြို့နယ်၌ မဲဆန္ဒနယ်မြေ ၉၂နေရာရှိရာ NLD မှ နေရာ ပြည့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပန်းတနော်မြို့တွင် ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဂါ့မိုး မြတ်မြတ်သူ၊ ပြည်သူ့ လွှတ်တော်၌ မန်းညွန့်သိန်း၊ အမျိုးသားလွှတ် တော်၌ မန်းအိုးရွှေ၊ တိုင်းဒေသကြီး လွှတ်တော်၌ ဦးစန်းမောင်နှင့် ဦးသန့်ဇင်ထွန်းတို့ ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်မြေများတွင် ကြံ့ခိုင်ရေးပါတီမှ လက်ရှိ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမန်းသန်းရွှေ၊ ဒေါက်တာအောင် ဇော်မြင့်၊ ဦးနိုင်ဝင်း၊ ဦးဝင်းသိန်းနှင့် ဦးငြိမ်း မြိုင်တို့ ၀င်ရောက်ယှဉ် ပြိုင်မည် ဖြစ်သည်။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: