Tuesday, September 22, 2015

တွေ့ဆုံမေးမြန်း

တွေ့ဆုံမေးမြန်း

သူတို့ဘာအတွက် မဲပေးကြမှာလဲ
==========================

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၁၄ ရက်မှ စတင်ကြေညာလျက်ရှိပြီး နိုင်ငံရေးပါတီအသီးသီးမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ကြမည့် ကိုယ်စားလှယ်အသီးသီးသည်လည်း သက်ဆိုင်ရာမြို့နယ်နှင့် မဲဆန္ဒနယ်အလိုက် မဲဆွယ်မှုများကို ပြုလုပ်နေကြပြီ ဖြစ်သည်။
မဲဆန္ဒနယ်ပြင်ပတွင် ရက်ပေါင်း ၁၈ဝ အထက် နေထိုင်ကြသူများအား မဲပေးပိုင်ခွင့်ရရှိစေရန်အတွက် ပုံစံ (၃-က)ဖြင့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေထိုင်လျက်ရှိကြသည့် အသက်(၁၈) နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိကြမည့် လူငယ်များအနေဖြင့် မည်သို့ ရွေးချယ်မဲပေးကြမည်ကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်။
မောင်ဟိန်းထိုက်စိုး
(အသက် ၁၈၊ ပန်းရန်လုပ်သား)
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်
အရွေးခံမယ့် နာမည်ကြီးပါတီ တွေလောက်ပဲ သိတယ်။ ကျန်တာ တော့မသိဘူး။ စက်ရုံအလုပ်ရုံတွေ တော်တော်များများ ဖွင့်ပေးစေချင် တယ်။ လမ်းမကောင်းရင် လမ်းကောင်းအောင် ပြင်ပေးတဲ့သူမျိုး ကိုတော့ လိုချင်တယ်။ အခုလက်ရှိမှာ တစ်နေ့လုပ် တစ်နေ့စားပြီး ရုန်းကန် နေရပေမယ့် ရုပ်ရှင်ကားတွေထဲကလို အဆင့်မြင့်မြင့်လည်း နေချင်မိတယ်။
မထက်ဝေဝေအောင် (အသက်၂၂ နှစ်၊ ရန်ကုန်စီးပွားရေး
တက္ကသိုလ်)
အိမ်က မိသားစုတွေကတော့ မဲစားရင်းသွားကြည့်တယ်။ ကိုယ့်မြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်သူဆိုတာတော့ မသိသေးဘူး။ လူငယ်ဆိုတော့ ပညာရေးက အဓိက ပါ။ ပညာရေးကို ဦးစားပေးပြီး စနစ်တကျလုပ်ပေးမယ့်သူကို လိုလား တယ်။ နိုင်ငံကို ဦးဆောင်မယ့် သူ ကိုယ်တိုင်က ပညာတတ်နေမှဖြစ် မှာ။ ပြည်သူတွေကို ဘာအလိုရှိတယ် ဆိုတာထက် ဘာလုပ်ပေးနိုင်တယ်ဆို တဲ့ ကိုယ်စားလှယ်ကိုသာ မဲပေးမယ်။ ရွေးကောက်ပွဲကို သိပ်ပြီးစိတ်မဝင်စား တာက တကယ်ရော ပြည်သူတွေ ဖြစ်စေချင်တဲ့သူရမှာလား တွေးမိ တယ်။ အရင်ကလည်း မဲတွေဆွယ် သွားပြီးတော့ မဲလည်းထည့်ပြီးရော ဘာမှမလုပ်ပေးဘူး။ အခု ကိုယ့်မြို့ နယ်မှာ လာမဲဆွယ်ရင်တော့ ပညာ ရေးနဲ့ပတ်သက်ပြီး အဓိကတောင်းဆို မယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကတော့ ပြောင်းလဲမယ်လို့ မျှော်လင့်တယ်။
မောင်အောင်ကိုကိုလွင်
(အသက် ၁၉ နှစ်၊ ကုမ္ပဏီဝန်ထမ်း)
လှိုင်သာယာမြို့နယ်
ရပ်ကွက်ထဲမှာတော့ လမ်းတွေ ဘာတွေ ခင်းထားတာ သတိထား မိတယ်။ အဓိကကျတဲ့ ပြဿနာကို ပြောရရင် ကားလမ်းတွေ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် သွားလာရခက်တဲ့ အခါမှာ စိတ်ညစ်ရတယ်။ ကိုယ်မဲပေး တဲ့ သူဟာ ကိုယ့်မြို့နယ်အတွက် လုပ်ဆောင်ပေးမယ်လို့ ယုံကြည်ထား သလို ကိုယ်စားလှယ်ကိုလည်း သူကတိ ပေးခဲ့တဲ့အတိုင်း အမှန်တကယ်ဖော် ဆောင်ပေးမယ့်သူရရှိချင်တယ်။
မောင်ထွန်းသစ္စာ (အသက် ၁၉နှစ်၊ အစိုးရဝန်ထမ်း)
ဗိုလ်တထောင်မြို့နယ်
မဲစာရင်းပါတာက ဇာတိဖြစ်တဲ့ ကလောမြို့နယ် လမိုင်းကျေးရွာကဆို တော့ ရွာပြန်ပြီး မဲပေးချင်တယ်။ ကိုယ်မဲပေးမယ့် ကိုယ်စားလှယ်အပေါ် အများကြီး မျှော်လင့်ထားတာ မရှိဘူး။ ရွာကကျောင်းကိုတော့ အထက်တန်း ကျောင်းအဖြစ် တိုးမြှင့်လာစေချင်တာ ပါ။ ရန်ကုန်မှာတော့ ကားလမ်း ပိတ်ဆို့နေတဲ့ ပြဿနာကို ပြေလည် စေချင်ပါတယ်။
ဂုဏ်ရည်အေးကျော် (အသက် ၂၃နှစ်၊Miss Myanmar International 2013)

မန္တလေး ချမ်းမြသာစည်ကဆို တော့ ကိုယ့်မြို့မှာပဲ ကိုယ်မဲပေးမှာပါ။ မန္တလေးမြို့က ရေမြောင်းတွေကို မပိတ်ဆို့အောင် ပြုလုပ်ပေးစေချင်ပါ တယ်။ စည်းကမ်းမဲ့ ဆိုင်တွေဖွင့်တာ တွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ပေးစေချင်တယ်။ မြန်မာ နိုင်ငံရဲ့ ဂုဏ်ဒြပ်ကို ပြန်လည် ဖြည့်ဆည်းပေးနိုင်မယ့် သမ္မတမျိုးကို အလိုရှိနေပါတယ်။
မစုစန္ဒီဦး (အသက်၂၁ နှစ်၊
ရန်ကုန်အနောက်ပိုင်း
နည်းပညာတက္ကသိုလ်)
အများဆန္ဒအတိုင်း ဖြစ်မယ့် ကိုယ်စားလှယ်မျိုးကို လိုချင်တယ်။ ကိုယ့်မြို့နယ်မှာ မဲလာဆွယ်မယ့်ကိုယ် စားလှယ်တွေကို ပညာရေးစနစ်နဲ့ပတ် သက်ပြီး မေးခွန်းထုတ်မယ်။ ပညာ ရေးကို စနစ်ပြောင်းလဲပေးဖို့ တောင်း ဆိုမယ်။ လူငယ်တွေက နိုင်ငံရေး ကို စိတ်ဝင်စားပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရား မျှတမှုကိုလည်း စောင့်ကြည့်ရ မယ်။
မောင်ထက်ကိုကိုဇင် (အသက် ၂၁နှစ်၊ သန်လျင်နည်းပညာတက္ကသိုလ်)
အရင် ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်တွေက လုပ်ပေးမယ် ပြောသွားပြီး ဘာမှ မထူးခြားလာဘူး။ အခု ကိုယ်တိုင် မဲထည့်ခွင့်ရတော့မယ့် ရွေးကောက်ပွဲမှာ တကယ်လုပ်ပေးမှာ လားလို့ မေးချင်တယ်။ ကျွန်တော် ကတော့ သိပ်ဆင်းရဲတဲ့ထဲ မပါပေမယ့် ဆင်းရဲတဲ့သူတွေကို မြင်ရရင် သူတို့ရဲ့ အခက်အခဲတွေကို စာနာမိတယ်။ ရွေးကောက်ပွဲမှာ အပြောနဲ့အလုပ် ညီတဲ့အစိုးရကို လိုချင်တယ်။ ရွေးကောက်ပွဲမှာ ကိုယ်ပေးလိုက်တဲ့ မဲက ရွေးချယ်တာ မှန်သွားရင် ဝမ်းသာစရာပါ။ ရွေးချယ်မှု မှားသွား ရင် နောင်တရစရာ ဖြစ်သွားမှာပါ။
မောင်ဝင်းထိုက် (အသက် ၁၉ နှစ်၊ အုတ်သဲကျောက်ဆိုင် အကူလုပ်သား)၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်
ဇာတိက ဧရာဝတီဘက်က။ မဲစာရင်းတော့ သွားမကြည့်ရသေး ဘူး။ ပါတီတွေအကြောင်းတော့ စာထဲမှာ ဖတ်ဖူးတယ်။ မဲပေးရမယ် ဆိုရင်တော့ နိုင်ငံသားတွေ ကောင်း ကျိုးအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးမယ့် အစိုးရမျိုးဖြစ်လာ စေချင်တယ်။
နေလင်းထွန်း (အသက် ၁၉ နှစ်၊
အစိုးရဝန်ထမ်း)၊ ဗိုလ်တထောင်မြို့နယ်
ဇာတိက ချောက်မြို့မှာဆိုတော့ မဲစာရင်းက ချောက်မှာပါနေတယ်။ အစိုးရဝန်ထမ်းဆိုတော့ ရန်ကုန်မှာ တန်ဖိုးနည်း အိမ်ရာလိုမျိုးတွေ ရှိစေ ချင်တယ်။ နိုင်ငံကိုတော့ ငြိမ်းချမ်း ရေးရပြီး အေးချမ်းစေချင်တယ်။

တွေ့ဆုံမေးမြန်း- မင်းသစ်၊ ၀င်းဝင်းမော်၊
မြတ်စန္ဓီသင်းဇော်၊
ဓာတ်ပုံ- MWM



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: