Sunday, September 20, 2015

သံရုံးများ၏ ပူးတွဲကြေညာချက်ကို မြန်မာအစိုးရ ပယ်ချ

သံရုံးများ၏ ပူးတွဲကြေညာချက်ကို မြန်မာအစိုးရ ပယ်ချ
Sunday, September 20, 2015
ရန်ကုန်မြို့ အခြေစိုက် သံရုံးကိုးရုံးမှ ပူးတွဲ ကြေညာချက်နှင့် ပတ်သက်၍ မြန်မာ အစိုးရက ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချကြောင်း ယနေ့ နိုင်ငံခြားရေး ၀န်ကြီးဌာနထံမှ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အခြေစိုက် အမေရိကန်၊ ဗြိတိန်၊ ဆွီဒင်၊ ဂျပန်၊ နော်ဝေ၊ ပြင်သစ်၊ ကနေဒါ၊ ဒိန်းမတ်နှင့် သြတြေးလျစသည့် သံရုံးများ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပူးတွဲကြေညာချက် အပေါ်တွင် မြန်မာအစိုးရ မှ ပြန်လည် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

''သံရုံးကိုးရုံးက ထုတ်တာ ရွေးကောက်ပွဲ အတွက် အားပေးတာလည်း ကျေးဇူးတင်တယ်။ ဒါပေမဲ့ တစ်ဖက်သတ် သူတို့စာထဲက ဟာကို တခြား အဓိပ္ပာယ်မှားပြီး ကောက်သွားမှာစိုးလို့ ၊ ပြန်ပြီး ဖြေရှင်းတဲ့ သဘောပါ'' ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာနမှ ညွန်ကြားရေးမူး ဒေါ်အေးအေးစိုးက ပြောသည်။

၎င်းသံရုံးများ၏ ပူးတွဲ ကြေညာချက်၌ ဖော်ပြပါရှိသော နိုင်ငံများ၏ စိုးရိမ်မကင်း ဖြစ်ရသည် ဆိုသည့် အကြောင်း တရားများကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည့် ကိစ္စရပ်ကြီးငယ်များကို တည်ဆဲ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် အညီ ဘက်လိုက် ခွဲခြားမှုမရှိ သည့် တရားမျှတစွာ ဖြေရှင်းနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စီမံ ဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်း၌ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် မဲဆွယ်စည်းရုံးရေး ကာလအတွင်း တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေးကို အထူး အလေးပေး ဆောင်ရွက်နေချိန်၌ ၎င်းသံရုံးများ၏ ပူးတွဲကြေညာချက်သည် ဘာသာရေး၊ လူမျိုးရေး အရ အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက် စေနိုင်သည့် တစ်ဖက်သတ် သုံးသပ် ဖော်ပြချက်များ ဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှ သိရသည်။

သို့ဖြစ်၍ နိုင်ငံခြားရေး ၀န်ကြီးဌာန အနေဖြင့် ပူးတွဲ ကြေညာချက်ပါ ပြည်သူများ အကြား အထင်အမြင် လွဲမှားမှုများကို ဖြစ်ပေါ်စေနိုင်သည့် ဖော်ပြချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သံရုံးကိုး ရုံးမှ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံတွင် စတင်လိုက်ပြီ ဖြစ်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခု အနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်မိကြောင်း စသည့် အချက်များ ပါဝင်ခဲ့သည်။
messengerdaily




သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: