လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်း အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၇ ခု ခွင့်ပြု
--------------------------------------
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်မည့် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၇ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုလိုက်ကြောင်း အဆိုပါကော်မရှင် ထံမှ သိရသည်။
ကုန်ထုတ်လုပ်ငန်း အများဆုံး ပါဝင်သည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၇ ခု ကို MIC က စက်တင်ဘာလ ဒုတိယပတ်တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငါးခုပါဝင်ကာ ကုန်ထုတ်လုပ်ငန်းများသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံခြားဖက်စပ် ရင်းနှီးမြှုပ်နှံမှု လေးခုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ရှစ်ခုအထိ ပါဝင်ပြီး အများဆုံး ခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ကုန်ထုတ်လုပ်ငန်းများ ဖြစ်ပြီး ၁၁ ခုအထိ ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန်သည်။
ပြည်တွင်း၌ အလုပ်အကိုင် အများအပြား ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို MIC က ခွင့်ပြုပေးလျက် ရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများနှင့် ဟိုတယ် လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုမည်ဖြစ်ကြောင်း MIC ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချနိုင်ရန် ပြည်ပမှ တင်သွင်းနေရသော ကုန်စည်များကို ပြည်တွင်း၌ အစားထိုး ထုတ်လုပ်နိုင်မည့် လုပ်ငန်းများနှင့် ပို့ကုန် မြှင့်တင်နိုင်မည့် လုပ်ငန်းများကိုလည်း ဦးစားပေး ခွင့်ပြုသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက အကြံပြုသည်။
ယခုလအတွင်း ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း၊ ပုလဲလုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့် ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း နှစ်ခုလည်း ပါဝင်ကြောင်း MIC ထံမှ သိရသည်။
ယခုဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံကျော် ဝင်ရောက်ထားပြီး အများဆုံး ဝင်ရောက်ထားသည့် ကဏ္ဍမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ဖြစ်ကာ ဒုတိယ ဝင်ရောက်ထားသည့် ကဏ္ဍမှာ ကုန်ထုတ်လုပ်ငန်းကဏ္ဍ ဖြစ်ကြောင်း MIC ၏ စာရင်းအချက်အလက် များတွင် ဖော်ပြထားသည်။
ထို့အပြင် MIC ခွင့်ပြုပေးထားသော လုပ်ငန်းများက ပြည်တွင်း၌ အလုပ်အကိုင် ခုနစ်သိန်းဝန်းကျင် ဖန်တီးပေးထားကြောင်း ထုတ်ပြန်ထားသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment