Sunday, September 20, 2015

ခရီးသည်အယောင်ဆောင်သူတွေက အငှားယာဉ်ကို အုပ်စုဖွဲ့လုယက်

ခရီးသည်အယောင်ဆောင်သူတွေက အငှားယာဉ်ကို အုပ်စုဖွဲ့လုယက်
Sunday, September 20, 2015

လှိုင်မြို့နယ် ဗဟိုလမ်းပေါ်မှာ မနေ့ (စက်တင်ဘာလ ၁၉ ရက်) ည ၉ နာရီခွဲလောက်က ပရိုဘောက် အငှားယာဉ်ကို ခရီးသည်ယောင် ဆောင်ထားတဲ့ အသက် ၂၀ ဝန်းကျင်လူငယ် လေးဦးက ဓားထောက်ပြီး ယာဉ်ကို လုယက်ခဲ့တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရပါတယ်။
“ယာဉ်မောင်းကို ဓားထောက်ပြီး ငွေတောင်းတာ မရလို့ ကားသမားကို ဆင်းခိုင်းပြီး ကားယူပြေးချိန် လှည့်ကင်းအဖွဲ့နဲ့ ပက်ပင်းတိုးပြီး မိခဲ့တာ။ လုယက်မှု ကျူးလွန်တဲ့အဖွဲ့က လှိုင်သာယာက လူငယ်တွေ” လို့ လှိုင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ် အမှတ် ၁၆ ရပ်ကွက် တောင်တွင်းကြီးလမ်းမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ပရိုဘောက် အငှားယာဉ်မောင်း ကိုမျိုးမြင့်စန်းမှာ အဲ့ဒီနေ့ညက အောက်ကြည့်မြင်တိုင်လမ်း အတိုင်း မောင်းနှင်လာတုန်း ဟုမ်းလမ်း မှတ်တိုင်မှာ အသက် ၂၀ ဝန်းကျင်ရှိတဲ့ လူငယ်လေးဦးက ယာဉ်ကို ငှားရမ်းကာ လှိုင်သာယာစက်မှုဇုန်ကို လိုက်လံ ပို့ဆောင်ခိုင်းခဲ့ပြီး ပန်းလှိုင်ဂေါက်ကွင်းလမ်းမှာ ကားကို ရပ်ခိုင်း၊ ခရီးသည်အယောင် ဆောင်ထားတဲ့သူတွေက သူ့ရဲ့လည်ပင်းကို သိုင်းချုပ်၊ ဝမ်းဗိုက်ကို ဓားနဲ့ ထောက်ပြီး လုယက်ခဲ့တာလို့ ရဲအရာရှိက တိုင်ကြားတဲ့ ယာဉ်မောင်းရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ပြောပါတယ်။
“အသားမနာချင်ရင် ပိုက်ဆံထုတ်ပေးလို့ တောင်းတာ၊ ကားသမားက အခုမှ ကားစထွက်လာတာမို့ ငွေမပါဘူး ပြောတော့ ဟန်းဖုန်းပါလား မေးတယ်။ ဖုန်းလည်းမရှိဘူး ဆိုတော့ ကားမောင်းတဲ့သူကို နောက်ခန်းရွှေ့ပြီး လှိုင်နယ် ဗဟိုလမ်းဘက်ကို သူတို့အဖွဲ့က ပါလာတဲ့ တစ်ယောက်က မောင်းလာတယ်။ ပြီးတော့ ကားသမားကို ကားပေါ်က ဆင်းခိုင်းပြီး မောင်းပြေးတဲ့အချိန် လှည့်ကင်းအဖွဲ့နဲ့ ပက်ပင်းတိုးပြီး ယာဉ်ပိတ်ဆို့ စစ်ဆေးရာက လုယက်သူတွေကို မိတာ” လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
အဲ့ဒီ လုယက်မှု ကျုးလွန်တဲ့သူတွေဟာ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ဦးမိုးနီလမ်းမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ်ရှိ ဇင်ကိုအပါအဝင် လေးဦးကို (ပ) ၄၂၇/၁၅၊ ပုဒ်မ ၈၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ လှိုင်မြို့မ ရဲစခန်းထံမှ သိရပါတယ်။

The Voice Weekly



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: