Wednesday, August 31, 2016

မူဆယ်မြို့ ကွမ်ရင်မယ်တော်သီလရှင်ကျောင်းတွင် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

မြန်မာ-တရုတ်နှစ်နိုင်ငံမူးယစ်အဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်အရ မူဆယ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
သြဂုတ်-၃၁

သြဂုတ်လ (၃၀)ရက်နေ့ က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်ရှိ တိုက်တန်းလျားတစ်ခုတွင် စိတ်ကြွဆေးပြားများနှင့် စွမ်စော်ရပ်ကွက်ရှိ ကွမ်ရင်မယ်တော်သီလရှင်ကျောင်းတွင် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံမူးယစ်အဖွဲ့(BLO)၏ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူများအား နှစ်နိုင်ငံပူးပေါင်း၍ စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေး သတင်းဖလှယ်ချက်အရ တရုတ်နိုင်ငံ ရွှေလီမူးယစ်တပ်ဖွဲ့ခွဲမှ ဖမ်းဆီးရမိထားသော မောင်နိုင်ယိုး(ခိုလုံလီရှော) ငှါးရမ်းနေထိုင်သည့် မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ တိုက်တန်းလျား၊ အခန်းအမှတ်(၁၁/၁၂)အား မူဆယ်မြို့ပေါ်လှုပ်ရှားအဖွဲ့မှ ရဲအုပ်ဇော်မင်းသိန်း ဦးစီးအဖွဲ့တို့သည် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ ၎င်းအခန်း၏၀ဲဘက်အခန်းအတွင်းမှ တရုတ်စာတန်းပါ ဓါတ်မြေသြဇာပီနံအိတ်ခွံအတွင်း ပလပ်စတစ်၊ မိုင်းကိုင်စက္ကူတို့ဖြင့်ထုပ်ပြီး အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၁)ထုပ်လျှင် (၁၉၀)ပြားစီပါ (၁၀)ထုပ်စီး (၅)ထုပ်ပါ အထုပ်ကြီး(၂၀)ထုပ်၊ စုစုပေါင်း ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀၀၀၀)ပြားအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။


ကွင်းဆက်ဖော်ထုတ်ချက်အရ ကောင်းမှုလွယ်ရပ်ကွက်နေ မစိန်နီထွေး(ခ)မအားဖန်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ မစိန်နီထွေး(ခ)မအားဖန် ကို နေအိမ်အတွင်းအသင့်တွေ့ရှိရသည်။ ၎င်းနေအိမ်အတွင်း မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိရသော်လည်း မူးယစ်ဆေးဝါးရောင်းချရငွေဟု ယူဆရသည့် တရုတ်ယွမ်ငွေ(၇၅၀၀၀)နှင့် မြန်မာငွေ(၁၀)သိန်း၊ မြန်မာဖုန်း(၁)လုံးနှင့် တရုတ်ဖုန်း(၁)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ ကွမ်ရင်မယ်တော်သီလရှင်ကျောင်း(မြန်မာအခေါ်- ရွှေသမင်သီလရှင်ကျောင်း)ရှိ သီလရှင် ရန်ပေါင်းမေ၏ အခန်းအား ၀င်ရောက်ရှာဖွေရာ သူမအား နေအိမ်တွင်မတွေ့ရှိရဘဲ သူမအိပ်သည့်အခန်းအတွင်း အိပ်ယာအောက်ရှိ စက္ကူဂျပ်ဖာအတွင်းမှ အ၀ါရောင်တိပ်များဖြင့် ပတ်လျှက် အဖြူရောင်အခဲအသားပေါ်တွင် 202 စာတန်းတံဆိပ်ပါ ဘိန်းဖြူဘလောက်တုံး(၁)တုံးလျှင် အလေးချိန်(၃၅၀)ဂရမ်ခန့်စီရှိ ဘိန်းဖြူဘလောက်တုံး(၈၀)တုံးပါ (၁)ဖာနှင့် (၁၆)တုံးပါ(၁)ဖာ၊ စုစုပေါင်း ဘိန်းဖြူ ဘလောက်တုံး(၉၈)တုံး၊ အလေးချိန် ၃၄.၃ ကီလိုဂရမ်ခန့်၊ ဘိန်းဖြူမှုန့်(၃၆)ဂရမ်ခန့်၊ မြန်မာကျပ်ငွေ (၁၃.၄၅)သိန်း၊ တရုတ်ယွမ်ငွေ(၈၅၀၀၀)ယွမ် နှင့် ရွှေထည်ပစ္စည်းမျိုးစုံ(၁၁)မျိုး ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများပြန်လည်ရောင်းချရန်သိုလှောင်ထားသူများ (ရွှေလီမူးယစ်တပ်ဖွဲ့မှဖမ်းဆီးထားသူ) မောင်နိုင်ယိုး (ဘ) ဦးရှောက်မူ ၊ မစိန်နီထွေး(ခ)မအားဖန် ၊ ထွက်ပြေးတိမ်းရှောင်နေသူ သီလရှင် ရန်ပေါင်းမေ တို့(၃)ဦးအား မူးယစ်ဆေးဝါးဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Nay Myo

No comments: