ငွေဆောင်ကမ်းခြေတွင် လေတိုက်ခတ်ပြီး လှိုင်းကြီးနေသည်ကို အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT) အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းအခြေအနေသတင်းကို အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ အားကောင်းသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်- အနောက်မြောက်ဘက် မိုင် ၂၀၀ ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၂၀၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေကို အ၀ါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သို့သော် ဆိုင်ကလုန်မုန်တိုင်း၏ အရှိန်ကြောင့် အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိတ်စိတ် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။
ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင်သတိပြုနိုင်ရန် ထုတ်ပြန်ထားသည်။
Writer:
နီလာ
No comments:
Post a Comment