Wednesday, October 26, 2016

တစ်လအတွင်း စက်သုံးဆီ ဈေးနှုန်းများ တစ်ဂါလန် ကျပ် ၃၆၀ ကျော် မြင့်တက်လာပြီး ၁၄ ရာခိုင်နှုန်း ခုန်တက်လာခြင်းဖြစ်

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ဖွင့်လှစ်ထားသော စက်သုံးဆီဆိုင် တစ်ဆိုင်ကို အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီဈေးနှုန်းများ တစ်ဂါလန်ကျပ် ၂၂၀ ကျော်မှ ၃၆၀ ကျော်အထိ မြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၈ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း အထိရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ ဈေးနှုန်းအရ သိရသည်။

အောက်တိုဘာ ၂၅ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၄ ဒသမ ၉ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၆၈၀ (တစ်ဂါလန် ၃၀၉၁ ဒသမ ၂၈ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၆၄၀ (တစ်ဂါလန် ၂၉၀၉ ဒသမ ၄၄ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၉၀ ကျပ် (တစ်ဂါလန် ၃၁၃၆ ဒသမ ၇၄ ကျပ်) ဖြစ်သည်။

ပြီးခဲ့သော စက်တင်ဘာ ၂၆ ရက်တွင် ဖြစ်ပေါ်သော ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်ဂါလန် ၃၆၃ ဒသမ ၆၈ ကျပ် (၁၄ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်ဂါလန် ၃၆၃ ဒသမ ၆၈ ကျပ် (၁၃ ဒသမ ၃ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်ဂါလန် ၃၁၈ ဒသမ ၂၂ ကျပ် (၁၂ ဒသမ ၂၈ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron တစ်ဂါလန် ၂၂၇ ဒသမ ၃ ကျပ် (၇ ဒသမ ၈ ရာခိုင်နှုန်း) တစ်လအတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်တွင် ဒီဇယ် တစ်လီတာ ကျပ် ၅၇၀ (တစ်ဂါလန် ၂၅၉၁ ဒသမ ၂၂ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၆၀၀ (တစ်ဂါလန် ၂၇၂၇ ဒသမ ၆ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၇၀ (တစ်ဂါလန် ၂၅၉၁ ဒသမ ၂၂ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၄၀ (တစ်ဂါလန် ၂၉၀၉ ဒသမ ၄၄ ကျပ်) လက်လီ ဈေးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ပြည်ပမှ မှာယူတင်သွင်းသည့် စက်သုံးဆီများ၏ မြန်မာဆိပ်ကမ်းအရောက် ပျမ်းမျှဈေးရင်းမှာ အောက်တိန်း 92 Ron တစ်လီတာလျှင် ၅၄၄ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၅၃၆ ကျပ်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း ပြည်ပမှမှာ ယူတင်သွင်းသည့် စက်သုံးဆီများ၏ မြန်မာဆိပ်ကမ်းအရောက် ပျမ်းမျှဈေးရင်းမှာ အောက်တိန်း 92 Ron တစ်လီတာလျှင် ၅၉၉ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၆၀၄ ဖြစ်ကြောင်းနှင့် လက်လီဆိုင်များ ရောင်းဈေးအနေဖြင့် သိုလှောင်စရိတ်၊ သယ်ယူပို့ဆောင်ရေး စရိတ်ပေါ်မူတည်ပြီး ကွာခြားနိုင်သည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းမှ ထုတ်ပြန်ထားသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် စက်တင်ဘာ ၂၅ ရက်နှင့် နှိုင်းယှဉ်ပါက အောက်တိုဘာ ၂၅ ရက်တွင် ၁၃ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး လက်ရှိတွင် တစ်စည် ၅၁ ဒေါ်လာခန့် ရှိနေသည်။ တန်ဖိုးအားဖြင့် ရေနံစိမ်း တစ်စည်လျှင် ၆-၇ ဒေါ်လာခန့်သာ မြင့်တက်ခြင်း ဖြစ်သော်လည်း နိုင်ငံခြား ငွေလဲနှုန်း မြင့်မားမှုကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေခြင်း ဖြစ်သည်။ ငွေလဲနှုန်းသည် စက်တင်ဘာ ၂၆ ရက်က ၁၂၆၆ ကျပ် ၀န်းကျင်တွင်ရှိပြီး အောက်တိုဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၁၂၉၅ ကျပ်အထိ မြင့်တက်ကာ ဈေးနှုန်းကွာခြားချက် ၂၉ ကျပ် ရှိသည်။ ရာခိုင်နှုန်းအားဖြင့် တွက်ကြည့်ပါက ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သော်လည်း စက်သုံးဆီ ဈေးနှုန်းများက တစ်လအတွင်း ခုနစ်ရာခိုင်နှုန်းကျော်မှ ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီဆိုင်များမှာ ယခင်က နိုင်ငံတော်ပိုင်လုပ်ငန်း ဖြစ်သော်လည်း အဆိုပါ စက်သုံးဆီဆိုင်များအား အဆမတန် နည်းပါးသော တန်ဖိုးများဖြင့် လုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရနေသည့် ခရိုနီကုမ္ပဏီ အများစုမှ ရယူလုပ်ကိုင်လျက်ရှိခြင်း ဖြစ်သည်။ ရန်ကုန်မြို့ အချက်အချာကျ နေရာတွင်ရှိသော အချို့ဆီဆိုင်များဆိုလျှင် တစ်ဆိုင်လျှင် ကျပ်သိန်း ၃၀၀ ဖြင့်ပင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Writer: 

စည်သူအောင်

No comments: