ရှမ်းပြည်နယ် NLD ခေါင်းဆောင်ပိုင်း ရာထူးမှ ထုတ်ပယ်ခံရသည့် ကိစ္စတွင် အယူခံခုံရုံး စုံစမ်းစစ်ဆေးရေး အဖွဲ့က ဦးဝင်းထိန်အား အမှုသုံးမှုအနက် နှစ်မှုအတွက် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ဒေါ်ခင်မိုးမိုးဖြစ်စဉ်နှင့် ဒေါ်မီးမီး၊ ဒေါ်ယူမီဇော်တို့ ဖြစ်စဉ်တို့နှင့် ပတ်သက်၍ အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဦးဝင်းထိန်အား စစ်ဆေးခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တောက်လျှောက် စည်းကမ်းနည်းလမ်းနဲ့ အလုပ်လုပ်တာကို စည်းကမ်း၊ နည်းလမ်းနဲ့ ပြန် Agaist ပြန်ဖြစ်အောင် လုပ်တာပါ။ ဒါကို ဘယ်သူကောင်းတယ်။ ဘယ်သူမကောင်းဘူးဆိုတာ ပြောစရာလည်း မလိုဘူး။ ဒီအဖွဲ့ကို ဖွဲ့ပေးထားတဲ့ အတွက်ကြောင့် အဲဒီအဖွဲ့က ဘက်မလိုက်ဘဲနဲ့ ဆုံးဖြတ်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် မှန်မှန်ကန်ကန်ပဲ ဖြေခဲ့တယ်” ဟု ပြောကြားသည်။
ဦးဝင်းထိန်ဘက်မှ အယူခံခုံရုံး စုံစမ်းစစ်ရေး အဖွဲ့သို့ သက်သေခြောက်ဦး တင်ထားပြီး ဖြစ်သော်လည်း အဆိုပါဖြစ်စဉ် သုံးမှုတွင် ဦးဝင်းထိန်အား စစ်ဆေးပြီးမှသာ သက်သေများအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။
“ဒီနေ့ကတော့ ဒေါ်ခင်မိုးမိုး အမှုနဲ့ပတ်သက်လို့ အမှုပြီးသွားတယ်ပေါ့။ ပြီးတော့ ဒုတိယအမှုဖြစ်တဲ့ ဒေါ်မီးမီးရယ် သူ့ရဲ့သမီး ဒေါ်ယူမီဇော်တို့ အမှုနဲ့ပတ်သက်ပြီးတော့ စစ်တယ်ပေါ့။ ပြီးသွားပါတယ်။ လာမယ့်ရုံးချိန်းကျရင်တော့ ဦးတင်မောင်တိုး အမှုကိစ္စကို စစ်မယ်။ အခုက သက်သေစစ်မယ့်အဆင့် မရောက်သေးဘူး။ ဦးတင်မောင်တိုးအမှုမှာ ဦးဝင်းထိန်စစ်ပြီးသွားရင် သက်သေတွေ လာတော့မှာ” ဟု ဦးကျော်ဟိုးက ဆက်လက် ပြောကြားသည်။
ဦးဝင်းထိန်အနေဖြင့် ရှမ်းပြည်နယ်သို့ ရောက်ရှိချိန်တွင် လိုအပ်ပါက အာဏာရှင်ဆန်ရမည်ဟု ပြောဆိုခဲ့မှုအပေါ် ဒေါ်ခင်မိုးမိုးက ပါတီ၏ မူဝါဒသည် ဘယ်တော့မှ အာဏာရှင်စနစ်အား ပြန်မရောက်စေရဘူးဆိုသည့် အချက်နှင့် ငြိစွန်းနေသည့်ဟု ပြန်လည် မေးမြန်းရာတွင် စည်းကမ်းထိန်းသိမ်းရေး အနေဖြင့် ပါတီစည်းကမ်းနှင့် မညီညွတ်ပါက အာဏာရှင်ဆန်ရမည်ဟု ပြောဆိုခဲ့သည်မှာ မှန်ကန်သည်ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဦးဝင်းထိန်က ထွက်ဆိုခဲ့ကြောင်း ဒေါ်ခင်မိုးမိုး၏ ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်နယ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရသူ ဒေါ်ခင်မိုးမိုးက “ကျွန်မကပဲ ဦးဝင်းထိန်ကို ပြန်လှန်မေးခွန်းတွေ ပြည့်ပြည့်စုံစုံ မေးခဲ့တယ်။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်ကိုတော့ ဦးဝင်းထိန်က တိတိကျကျ စွပ်စွဲနိုင်ခြင်း မရှိဘူး။ သူမသိဘူး ဆိုတာတွေနဲ့ပဲ ပြီးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို သုံးတာတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုခွင့်ပြုလိုက်တယ်။ သူ့ကိုဒီလိုလုပ်ဖို့ ခွင့်ပေးလိုက်တယ် ဆိုတာတွေ မေးတော့ အဲဒါနဲ့ပတ်သက်လို့ သူမဖြေလိုဘူးလို့ ငြင်းသွားတယ်။ ဟုတ်တယ်လည်း မပြောချင်ဘူး။ မဟုတ်ဘူးလည်း မပြောချင်ဘူးတဲ့။ အဲဒီလို ငြင်းသွားပါတယ်” ဟု ဆိုသည်။
လက်ရှိအနေအထားတွင် အဆိုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးရာတွင် ဒေါ်ခင်မိုးမိုးတို့ဘက်မှ နိုင်မည်ထင်သလားဟု မီဒီယာများ၏ မေးမြန်းချက်အား ဒေါ်ခင်မိုးမိုးက ပြန်လည် ဖြေကြားရာတွင် “အဲဒါက စုံစမ်းစစ်ရေးအဖွဲ့ရဲ့ တရားမျှတမှု၊ စီအီးစီရဲ့ တရားမျှတမှုပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မကိုယ်ကျွန်မယုံတာက ကျွန်မသည် ဘယ်တုန်းကမှ ပါတီအပေါ်လည်း သစ္စာမဖောက်ခဲ့ဘူး။ ပါတီအတွက်၊ ပြည်သူအတွက် ကောင်းကျိုးပဲ လုပ်ခဲ့တယ်။ ကိုယ်က အမှန်တရားအတွက်ပဲ လုပ်ခဲ့တယ်။ ဒါကြောင့်မို့ အမှန်တရားကပဲ အဖြေထွက်ပါလိမ့်မယ်လို့ပဲ ထင်ပါတယ်” ဟု ပြောကြားသည်။
လာမည့်အောက်တိုဘာ ၂၈ ရက်တွင် ဦးတင်မောင်တိုး ဖြစ်စဉ်အတွက် ဦးဝင်းထိန်အား အယူခံခုံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Writer:
နေရိုင်း၊ ဇေယျာထွန်း
No comments:
Post a Comment