Wednesday, October 26, 2016

ယခင်အစိုးရ လက်ထက်က ခွင့်ပြုခဲ့သည့် ပြင်ဦးလွင် ဖြတ်လမ်းသစ် ဖောက်လုပ်မှုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယာယီရပ်ဆိုင်းရန် ညွှန်ကြားမှုနှင့် ပတ်သက်၍ BOT စနစ်ဖြင့် လုပ်ပိုင်ခွင့် ရရှိထားသော ကုမ္ပဏီဘက်မှ ရှင်းလင်း


အောက်တိုဘာ ၂၄ ရက်က မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ်တွင် Axiom ကုမ္ပဏီဘက်မှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်

ပုသိမ်ကြီးမြို့နယ် အတွင်းမှ စတင်ဖောက်လုပ်လျက်ရှိသည့် ပြင်ဦးလွင် ဖြတ်လမ်းသစ် ဖောက်လုပ်နေမှုအား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ BOT စနစ်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် Axiom ကုမ္ပဏီဘက်မှ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းမှ မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် အတွင်းမှ အနီးစခန်းအထိ ၂၂ မိုင်ခန့်သာ ရှည်လျားသည့် ပြင်ဦးလွင်လမ်းသစ် ဖောက်လုပ်ခွင့်အား ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်အတွင်းက ဖောက်လုပ်ခွင့်ပြု ချထားပေးခဲ့ခြင်းဖြစ်ပြီး စီမံကိန်း လုပ်ငန်းများ ခေတ္တ ရပ်နားခဲ့ရသည့် အချိန်အထိ လမ်းအူကြောင်း ဖောက်လုပ်ပြီးစီးမှုမှာ ခုနစ်မိုင်နှင့် တစ်ဖာလုံခန့် ဖောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းသစ် ဖောက်လုပ်ရာတွင် လမ်းပိုင်း ၁၃ မိုင်ခန့်မှာ သစ်တောကြိုးဝိုင်း နယ်မြေအတွင်းသို့ ကျရောက်နေသဖြင့် သစ်တောဌာနက တားမြစ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ လမ်းပိုင်းဖောက်လုပ်ရာတွင် သစ်တောဧရိယာ အတွင်းသို့ ပါဝင်နေမှုကြောင့် ယခင်လမ်းနယ် ပေ ၁၅၀ ဖောက်လုပ်ရန် စီစဉ်ထားမှုအား ပေ ၅၀ ခန့် လျှော့ချကာ ဖောက်လုပ်သွားရန်အတွက် ကနဦး လျာထားကြောင်း ကုမ္ပဏီဘက်မှ ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ ကုမ္ပဏီဘက်ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဒီလမ်းသစ် ဖောက်လုပ်တဲ့ စီမံကိန်းကို လုပ်ဆောင်နေတာပါ။ MIC ခွင့်ပြုချက်လည်း ရရှိထားပါတယ်။ ပြည်သူ့ဆောက်လုပ်ရေးကိုလည်း လမ်းပိုင်းဆိုင်ရာတွေ တင်ပြထားပြီး ဖြစ်ပါတယ်။ တရားဝင် လုပ်ကိုင်ခွင့် ရရှိထားတာကြောင့် ကျွန်တော် လမ်းအူကြောင်း ဖော်ထုတ်ဖောက်လုပ်ထားတာ ခုနစ်မိုင်နဲ့ တစ်ဖာလုံခန့် ပြီးစီးသွားပါပြီ။ အခုကျွန်တော်တို့ လမ်းပိုင်းဟာ သစ်တောဧရိယာ အတွင်းကို ဖြတ်သန်းဖောက်လုပ်ရမှာ ဖြစ်တဲ့အတွက် ခေတ္တရပ်နားထားဖို့ အတွက် ညွှန်ကြားထားတဲ့အတွက် ခေတ္တရပ်နား လိုက်တာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာပါ” ဟု Axiom ကုမ္ပဏီမှ တာဝန်ခံ အကြံပေးဖြစ်သူ ဦးစိုးမြတ်သူက ပြောကြားသည်။

ယခင်အစိုးရ လက်ထက်က ခွင့်ပြုခဲ့သည့် ပြင်ဦးလွင် ဖြတ်လမ်းသစ် ဖောက်လုပ်မှုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယာယီရပ်ဆိုင်းရန် ညွှန်ကြားထားမှုနှင့် ပတ်သက်၍ BOT စနစ်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဘက်မှ ရှင်းလင်းမှု ပြုလုပ်ရာတွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင် သွားမည်ကို ရှင်းလင်းစွာ ဖြေကြားခဲ့ခြင်း မရှိဘဲ ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက် အတိုင်းသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ ယင်းလမ်းသစ် ဖောက်လုပ်မှုအား Axiom ကုမ္ပဏီက နှစ် ၅၀ BOT စနစ်ဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့သည်။

မန္တလေး- ပြင်ဦးလွင် ကားလမ်းသစ် ဖောက်လုပ်ခြင်း စီမံကိန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က ကန့်ကွက်ထားသဖြင့် ဆိုင်းငံ့ထားကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။ ပြင်ဦးလွင်-မန္တလေး လမ်းသစ် ဖောက်လုပ်ရာတွင် လမ်းစီမံကိန်း ဧရိယာအတွင်း၌ အဖိုးတန် တမလန်း၊ သစ်မာ အစရှိသည့် တန်ဖိုးရှိ သစ်ပင်ပေါင်း ၇၀၀၀၀ ကျော်ကို ခုတ်လှဲရှင်းလင်း သွားရမည် ဖြစ်သောကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက တားမြစ်ထားသည်။

ထို့ပြင် အဆိုပါ ပြင်ဦးလွင်လမ်းသစ် ဖောက်လုပ်သည့် စီမံကိန်းကြောင့် လမ်းသစ်ဖောက်လုပ်မည့် လမ်းဘေးတစ်လျှောက်ရှိ ဒေသခံများ၏ ယာမြေများကို လာရောက် ၀ယ်ယူထားမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။                  

 

Writer: 

ဌေးလှအောင်

No comments: