နေပြည်တော်၊ စက်တင်ဘာ ၂
ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖက်ဒရယ် ဒီမိုကရေစီ
ပြည်ထောင်စု တည်ဆောက်ရေး မူကြမ်းတစ်ခုကို ၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့တွင်
တင်သွင်းခဲ့ကြောင်း အဆိုပါ ညီလာခံမှ သိရသည်။
ယင်းဖက်ဒရယ်
ပြည်ထောင်စု ဖွဲ့စည်းပုံကို UNFC တွင် ပါဝင်သည့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များက တစ်ဖွဲ့ခြင်းစီ ခွဲ၍ ညီလာခံတွင်
ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းဖွဲ့စည်းပုံတွင်
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သည့် အစိုးရ
ဖွဲ့စည်းပုံ၊ အာဏာခွဲဝေခြင်း၊ အခွန်ဘဏ္ဍာ ခွဲဝေခြင်း၊ လွှတ်တော်နှစ်ရပ်နှင့်
ယင်းလွှတ်တော်များ၏ သတ်မှတ်ချက်များ၊ ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ
မူဝါဒများ၊ စသည်တို့ ပါဝင်ကြောင်း ညီလာခံတွင် ဖတ်ကြားချက်အရ သိရသည်။
ယင်းစာတမ်းကို
UNFC တွင် ပါဝင်သည့် ကချင်အမျိုးသားလွတ်လပ်ရေး တပ်မတော် (KIA)၊
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)
တို့မှ တက်ရောက်လာသည့် ခေါင်းဆောင်များက ညီလာခံတွင်
ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းစာတမ်းတွင်
ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကို ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင်
ထားရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု၏ အမည်နာမကို တိုင်းရင်းသားအားလုံးကို
ကိုယ်စားပြုမည့် အမည်နာမ အသစ်တစ်ခု ပြောင်းလဲရေး၊ ပါတီစုံ ဒီမိုကရေစနစ်
ကျင့်သုံးရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ပြည်နယ်အချင်းချင်း
တန်းတူညီမျှရေး၊ ဗမာပြည်နယ်တစ်ခု ပြန်လည်ဖွဲ့စည်းရေး အစရှိသည့် အချက်များ
ပါဝင်သည်။
UNFC အနေနှင့် ဒီမိုကရေစီရေး အမျိုးသား
တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံချက်
ပေးနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု ရရှိရန် လိုလား၍ ယင်းစာတမ်းကို
တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က
ပြောကြားသည်။
“၂၀၀၈ ဖွဲ့စည်းပုံနဲ့
ပတ်သက်လို့တော့ အထူးဝေဖန်မှု မပြုလိုပါဘူး။ ကျွန်တော်တို့အနေနဲ့ အားလုံး
သဘောတူ လက်ခံနိုင်မယ့် အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက်
ဆွေးနွေးရမှာပါ” ဟု ၎င်းက ဆိုသည်။
ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် အပစ်ရပ်စာချုပ် NCA ကို
လက်မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင်များဖြင့်
ဖွဲ့စည်းထားသည်။
UNFC အနေနှင့် NCA စာချုပ်တွင်
လက်မှတ်ရေးထိုးနိုင်ရေးအတွက် NCA စာချုပ်ပါ အချက်ရှစ်ချက်ကို ပြင်ဆင်ပေးရန်
တောင်းဆိုထားပြီး ညှိနှိုင်းမှု အဆင်ပြေပါက လက်မှတ်ရေးထိုးမည်ဟု
ပြောကြားထားသည်။
No comments:
Post a Comment