Monday, September 26, 2016

Miniso စတိုးဆိုင် ကြော်ငြာကိစ္စအတွက် ဖွေးဖွေးကို တရားစွဲတော့မည် မဟုတ်ဟု ဒါရိုက်တာ စင်ရော်မောင်မောင်ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅

Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးရန်အတွက် ရိုက်ကွင်းသို့ ရောက်ရှိ မလာခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင်ဖွေးဖွေးကို တရားစွဲတော့မည် မဟုတ်ကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က The Voice သို့ ပြောကြားသည်။ 

"ဒီကိစ္စ စဖြစ်တုန်းက Facebook  မှာ တင်ခဲ့တယ်ဆိုတာလည်း သွေးပူနေတုန်း အချိန်မှာ တင်ခဲ့တာပါ။ အဲဒီလို တင်ရတာကလည်း ငွေရယူလိုတဲ့အတွက် မဟုတ်ဘူး။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကြောင့် တင်ခဲ့တာပါ။ ၁၉၈၄ ခုနှစ်တုန်းကတည်းက ဒီလောကမှာ ကျင်လည်ခဲ့တဲ့ ဝါရင့် ဒါရိုက်တာ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် တင်ခဲ့တာပါ။ အခုလို ကျေအေးဖို့ ဆုံးဖြတ်လိုက်တာကလည်း ငွေ ရယူလိုတဲ့အတွက်ကြောင့် မဟုတ်ဘူးဆိုတာ သက်သေပြလိုက်တာပါ" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။ 

Miniso စတိုးဆိုင်ကြော်ငြာ ရိုက်ကူးရန်အတွက် စရန်ငွေ လက်ခံထားပြီးမှ ရိုက်ကွင်းသို့ ရောက်ရှိ မလာခဲ့သည့် သရုပ်ဆောင် ဖွေးဖွေးကို အရေးယူပေးရန်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ဒါရိုက်တာ စင်ရော်မောင်မောင်က တောင်းဆိုခဲ့သေးသည်။ 

ယင်းဖြစ်ရပ်အတွက် ဒါရိုက်တာ စင်ရော်မောင်မောင်က သရုပ်ဆောင် ဖွေးဖွေးကို မီဒီယာများရှေ့တွင် တရားဝင် တောင်းပန်ရန်၊ ကုန်ကျစရိတ်နှင့် နစ်နာမှုများ ပေးရန်၊ Miniso စတိုးဆိုင်ပိုင်ရှင်နှင့် ၎င်းကို တောင်းပန်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တစ်ဆင့်  တောင်းဆိုခဲ့သည်။ 

"ဒီကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာ ခေါ်မလာဖို့ ဦးလူမင်းက မေတ္တာရပ်ခံတဲ့အတွက် ကိုယ်က လက်ခံလိုက်တယ်။ သူတို့ သတင်း ထုတ်ပြန်ပေးမယ်ပေါ့။ ငွေကြောင့် ဒီလိုလုပ်တယ် ထင်မှာစိုးလို့ လျော်ကြေး မတောင်းတော့ဘူးလို့ ပြောလိုက်တယ်။ ကိုယ်တို့ကို တောင်းပန်ဖို့ အတွက် ဖွေးဖွေးလာအောင် စီစဉ်ပေးမယ်လို့ လူမင်းက ပြောတယ်။ ဒါပေမဲ့ ကိုယ်တို့ တွေ့ဖို့ ချိန်းတဲ့နေ့က ဖွေးဖွေးမလာဘူး။ သူ့အမေပဲ လာမယ်ဆိုလို့ အစီအစဉ် ပျက်သွားတယ်။ သူတို့ စရန်ပေးတာလည်း ငါတို့ လက်မခံဘူး" ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ဆိုသည်။ 

ယင်းနောက်တွင် Miniso စတိုးဆိုင် ကြော်ငြာရိုက်ကူးရန်အတွက် တာဝန်ယူထားသည့် ၎င်းကို ကုမ္ပဏီဘက်မှ ဥပဒေအရ အရေးယူမည်ဟု သတိပေးစာ ရောက်ရှိလာခဲ့ကြောင်း၊ ကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့သည့်အတွက် ကုမ္ပဏီဘက်မှ လက်ခံပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ 

"အဲဒီနေ့က ကိုယ်တို့ နစ်နာသွားတဲ့ ကုန်ကျစရိတ်ကို ဖွေးဖွေးဆီက ထပ်မတောင်းတော့ဘူး။ ငါတို့ဘာသာ ငါတို့ခံတော့မယ်။ ဖွေးဖွေးဘက်က တောင်းပန်ချင် တောင်းပန်၊ မတောင်းပန်ချင်လည်းနေ။ ငါတို့အလုပ် ငါတို့ဆက်လုပ်တော့မယ်။ တရားဥပဒေအရလည်း အရေးမယူတော့ဘူး။ စရန်ပေးထားတဲ့ ငွေအတွက်လည်း သူ့ ဆုံးဖြတ်ချက်အတိုင်းပဲ။ ငါတို့ဘက်က ဘာမှ မပြောလိုတော့ဘူး" ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောကြားသည်။ 

ယင်းကိစ္စအတွက် သရုပ်ဆောင် ဖွေးဖွေး၏ မှတ်ချက်ကို ရရှိရန် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ 

No comments: