Sunday, September 18, 2016

ပုဂံရှေးဟောင်းနယ်မြေအတွင်း Bus ကားနှစ်စီး ယနေ့ စမ်းသပ်ပြေးဆွဲမည်

မန္တလေး၊ စက်တင်ဘာ ၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း Bus နှစ်စီးဖြင့် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် စမ်းသပ်ပြေးဆွဲမည် ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး စီမံချက် လက်ထောက်တာဝန်ခံ ဦးဟန်ညွန့်က ပြောကြားသည်။

“ဘုရားတွေ လှည့်ပတ်ကြည့်တဲ့အခါမှာ နိုင်ငံခြားသားတွေ အလွယ်တကူ သွားလာနိုင်အောင်ပါ။ ဒီစနစ်တစ်ခု ရှိသင့်တယ်ထင်လို့ စီစဉ်လိုက်တာ။ ဘယ်လိုစနစ်နဲ့ ရှိသင့်သလဲ ဆိုတာ သိချင်တဲ့ သဘောပါ။ ခုလို စမ်းသပ်လိုက်တဲ့အတွက်Bus ကားစနစ်တွေ၊ မှတ်တိုင်စနစ်တွေ၊ အသုံးပြုမှုစနစ်၊ လမ်းအယူအဆစနစ်တွေ မြင်လာနိုင်မယ်” ဟု ဦးဟန်ညွန့်က ရှင်းပြသည်။

Bus ကား စမ်းသပ်ပြေးဆွဲခြင်းကို ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားမှစ၍ ညောင်ဦး၊ ပုဂံမြို့သစ်လမ်းအတိုင်း Bus နှစ်စီးဖြင့် စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် စမ်းသပ်ပြေးဆွဲမည် ဖြစ်သည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ဘုရားစေတီအချို့ အနီးမှနေ၍ မော်တော်ယဉ်များ ဖြတ်သန်းသွားလာခွင့် (ယာယီ) တားမြစ်နိုင်ရန်လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲက စီစဉ်ထားသည်။

“ရှေးဟောင်းအဆောက်အအုံတွေ ကြားထဲမှာ ယဉ်သွားနှုန်း ကျသွားစေချင်တယ်။ ဒီလိုဆိုရင် လမ်းပျက်စီးတာ၊ လမ်းပိတ်တာတွေ လျော့သွားမယ်လို့ ယူဆတယ်။ နောက်တစ်ခုက ကျွန်တော်တို့ သွားမယ့်လမ်းကြောင်းက လမ်းမကြီးတွေအတိုင်း ဆိုတော့ သွားချင်တဲ့ဘုရား ရှိရင် လမ်းမကြီးကနေ ဘုရားကို လမ်းလျှောက်သွားကြပေါ့” ဟု ဦးဟန်ညွန့်က ထပ်လောင်းပြောဆိုသည်။

ပုဂံဒေသသို့ လာရောက်သည့် ခရီးသွားများ အနေနှင့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ လာရောက်သည့် ခရီးသွားများ ရှိသကဲ့သို့ မိမိအစီအစဉ်ဖြင့် လာရောက်သည့် ခရီးသွားများလည်း ရှိကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်နုက ပြောကြားသည်။

“ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတဲ့သူတွေအတွက် လျှပ်စစ်စက်ဘီးတွေ ရှိတယ်၊ မြင်းလှည်းတွေ ရှိတယ်။ ဒါတွေငှားပြီး သွားကြတယ်။ ခရီးသွားကုမ္ပဏီတွေနဲ့ချိတ်ပြီး လာတဲ့သူတွေကလည်း ကုမ္ပဏီမှာရှိတဲ့ ကားနဲ့ သွားကြတာ။ ဒါကြောင့် JICA အနေနဲ့ အဲဒီအစီအစဉ် အောင်မြင်အောင် တော်တော်ကြိုးစားရလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ JICA က နှစ်ရက်တာ စမ်းသပ်ပြေးဆွဲမည့် အဆိုပါ အစီအစဉ်ဖြင့် Bus ကား စီးနင်းလိုက်ပါရာတွင် ပြည်တွင်းပြည်ပ ခရီးသွားဟူ၍ ခွဲခြားထားခြင်း မရှိဘဲ မည်သူ့ကိုမဆို အခမဲ့ စီးနင်းနိုင်မည်ဖြစ်ကြောင်း၊ စီးနင်းလိုက်ပါသူများထံမှ ခရီးစဉ်နှင့် ပတ်သက်သည့် သဘောထားများ ကိုလည်း ကောက်ယူသွားမည် ဖြစ်ကြောင်း JICA ၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး စီမံချက်အရ သိရသည်။

ပုဂံဒေသသို့ နှစ်စဉ် ခရီသွားဦးရေ နှစ်သိန်းခွဲခန့် ဝင်ရောက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။

No comments: