ရန်ကုန်၊ စက်တင်ဘာ ၁၇
သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ကြံ့ခိုင်ရေးပါတီ အရန်ဗဟိုကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များထံမှ သိရသည်။
ကြံ့ခိုင်ရေးပါတီ ညီလာခံ၌ ပါတီ ဗဟိုနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဦးရဲထွဋ်ကို တိုက်ရိုက်ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ဗဟိုနာယကအဖွဲ့ကို သမ္မတ (ဟောင်း) ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဦးသောင်း၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွဋ်၊ သူရဦးမြင့်မောင်၊ ဦးခင်အောင်မြင့်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့ ပါတီညီလာခံမှာ ကျွန်တော့်ကို အရန်ဗဟိုကော်မတီဝင် အဖြစ် တာဝန်ပေးခဲ့တာ။ ညီလာခံပြီးမှ ကျွန်တော့်ကို အကြောင်းကြားခဲ့တယ်” ဟု ပြန်ကြားရေးဝန်ကြီး (ဟောင်း) ဦးရဲထွဋ်က ပြောသည်။
ဦးရဲထွဋ်သည် ယခင်အစိုးရ လက်ထက်၌ ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ယူစဉ် ကာလ၌ မိမိအနေနှင့် တာဝန်မှ အနားယူပြီးလျှင် ကြံ့ခိုင်ရေးပါတီတွင် ပါတီဝင်အဖြစ် ထမ်းဆောင်သွားမည် မဟုတ်ကြောင်း တရားဝင် ပြောဆိုခဲ့ပြီး ယခုလက်ရှိ တာဝန်ပေးချိန်တွင်လည်း ကြံ့ခိုင်ရေးပါတီ တာဝန်များကို ထမ်းဆောင်နေခြင်း မရှိကြောင်း ဆိုသည်။
“ကျွန်တော်က လောလောဆယ် စင်ကာပူအခြေစိုက် Institute for Southeast Asia Study မှာ Visiting Senior Fellow အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့အတွက် ပါတီလုပ်ငန်းကိုတော့ ဆောင်ရွက်ခြင်း မရှိဘူး။ ကျွန်တော့် အလုပ်သက်တမ်းက တစ်နှစ်ဆိုတော့ အဲ့ဒီအချိန်ရောက်မှပဲ ဆုံးဖြတ်မယ်။ ဘက်မလိုက်တဲ့ သုတေသနလုပ်ငန်း ဖြစ်တော့ ဘယ်ပါတီနဲ့မှ ပတ်သက်လို့ မရဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ညီလာခံ ဆုံးဖြတ်ချက်အရ ဗဟိုနာယကအဖွဲ့ ၉ ဦး၊ ဗဟိုအတိုင်ပင်ခံအဖွဲ့ ၂၁ ဦး၊ အလုပ်အမှုဆောင် ကော်မတီ ၃၆ ဦး၊ ဗဟိုကော်မတီဝင် ၂၇၃ ဦး၊ အရန်ဗဟိုကော်မတီဝင် ၇၃ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ထိုကဲ့သို့ ဦးရဲထွဋ်ကို ကြံ့ခိုင်ရေးပါတီ အရန်ဗဟိုကော်မတီဝင်အဖြစ် ဗဟိုနာယကအဖွဲ့မှ တိုက်ရိုက်ခန့်အပ်ခြင်းအပေါ် “ပါတီအဆင့်ဆင့်ကနေ တိုက်ရိုက်ခန့်တာ မဟုတ်ဘူး။ နာယကအဖွဲ့က ခန့်တာ။ အဲ့ဒီအတွက် ကန့်ကွက်လို့ မရဘူး” ဟု ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။
ကြံ့ခိုင်ရေးပါတီ အရန်ဗဟိုကော်မတီ ဝင်အဖြစ် ဦးရဲထွဋ်အား ပါတီဗဟို နာယကအဖွဲ့မှ တိုက်ရိုက်ခန့်အပ်ခြင်းအပေါ် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
No comments:
Post a Comment