Sunday, September 18, 2016

ဘရက်ဇစ်အလွန် ခန့်မှန်းချက် ဥရောပ ခေါင်းဆောင်များ သဘောထားကွဲလွဲ

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၇

အီးယူမှ ဗြိတိန်နုတ်ထွက်ရန် (Brexit) ဆုံးဖြတ်အပြီး လိုက်ပါလာသော သမိုင်းဝင် အရှုပ်အထွေးကို ရုန်းကန်ကျော်လွှားနေရသော ဥရောပ ခေါင်းဆောင်များသည် ကာကွယ်ရေး အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်စစ်ဆေးမှု တိုးမြှင့်ရေးတို့ကို လေ့လာရန် သောကြာနေ့က သဘောတူညီမှု ရခဲ့သော်လည်း ဒုက္ခသည်နှင့် စီးပွားရေးမူဝါဒ အမြင်ကွဲလွဲမှုများကို ဖုံးဖိနိုင်ခြင်း မရှိခဲ့ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 

ဆလိုဗက်မြို့တော်တွင် ဗြိတိန်မပါ ဘဲ စုဝေးခဲ့ကြသော အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံသည် ၎င်းတို့၏ အေးတိအေးစက် ဘုံစီမံကိန်းအပေါ် လူထုယုံကြည်မှု ပြန်ရအောင် ရည်ရွယ်ထားသော ခြောက်လ လမ်းညွှန်မြေပုံ အစီအစဉ်ကို ဖော်ထုတ်ခဲ့ကြသည်။

သို့ရာတွင် အီတလီ၏ မတ်တီရိုရန်ဇီနှင့် ဟန်ဂေရီ၏ ဗစ်တာအာဘန်တို့  အပါအဝင် ခေါင်းဆောင်အများစုက အစည်းအဝေး ပြီးပြီးချင်းမှာပင် ညီညွတ်ရေးလမ်းစကို လှုပ်ခါလိုက်ကြပြီး နှစ်ပေါင်းများစွာ စီးပွားရေး ကျပ်တည်းမှု၊ ရွှေ့ပြောင်းဒုက္ခသည်များ စံချိန်တင် ဝင်ရောက်မှု၊ IS စစ်သွေးကြွများ၏ အကြမ်းဖက်မှုများကြောင့် အဖွဲ့အတွင်း ကွဲလွဲမှုများ နက်ရှိုင်းနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဂျာမနီ မာကယ်လ်နှင့် ပြင်သစ် ဟောလန်ဒီတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဖယ်ထားခံရသောကြောင့်  ဒေါသူပုန်ထနေပုံရသော အီတလီ ရန်ဇီက ယခုအစည်းအဝေး၏ စီးပွားရေးနှင့် လူဝင်မှုကိစ္စ အယူအဆများကို ကျေနပ်မှု မရှိကြောင်း ပြောကြားသည်။ 

ဟန်ဂေရီ အာဘန်ကလည်း ဒုက္ခသည် အရေအတွက် ကန့်သတ်ရေးအပေါ် မာကယ်က ငြင်းဆန်ခဲ့ခြင်းကို ပြစ်တင်ဝေဖန်လိုက်သည်။ 

မာကယ်လ်ရဲ့ ဒုက္ခသည်တွေကို ကြိုဆိုရေး သဘောထားဟာ ကိုယ့်ကိုယ်ကိုယ် ပျက်စီးရာ ပျက်စီးကြောင်း ကြံနေတာနဲ့ အတူတူပါပဲဟု ၎င်းက ဆိုသည်။

သို့ရာတွင် ရန်ဇီနှင့် အာဘန် နှစ်ဦးစလုံးသည် ဆွေးနွေးပွဲများတွင်မူ အခြားခေါင်းဆောင်များအား စောဒကတက် ပြောဆိုခြင်း မပြုခဲ့ကြဟု ညီလာခံခန်းမအတွင်း ရှိသူများက ပြောကြားသည်။ 

ညီညွတ်မှု သင်္ကေတပြသရန် ကြိုး စားခဲ့သော အီးယူ ထိပ်သီးညီလာခံသည်  အစည်းအဝေးအပြီး ဝေဖန်ချက်များကြောင့် မှေးမှိန်သွားခဲ့ရသည်။ Brexit ဆုံးဖြတ်ချက်သည် အီးယူဥက္ကဋ္ဌ ဂျန်ကာပြောသည့်အတိုင်း အီးယူ၏ လက်တွေ့ဖြစ်တည်မှု အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။

နှစ်ပေါင်းငါးဆယ်ခန့် အနီးကပ် ပေါင်းစည်းခဲ့ကြပြီးနောက်တွင် အီးယူအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် သာယာဝ ပြောရေးကို အာမခံနိုင်သည်ဟု အီးယူ ပြည်သူ သန်း ၅ဝဝ က ယူဆခြင်း မရှိတော့ပေ။ 

အီးယူဆန့်ကျင်ရေး လက်ယာစွန်းပါတီများသည် ပြင်သစ်၊ နယ်သာလန်၊ သြစတြီးယားတို့၌ လူထုစစ်တမ်းများတွင် ဦးဆောင်နေကြပြီး ဂျာမနီတွင်လည်း လူဝင်မှုဆန့်ကျင်ရေးပါတီက နောက်နှစ် ရွေးကောက်ပွဲ မတိုင်မီ အံ့အားသင့်ဖွယ် ရေပန်းစားလာသည်။

အီးယူခေါင်းဆောင်များသည် ယခုအစည်းအဝေး၌ တူရကီနှင့် ထိစပ်နေသော ဘူဂေးရီးယားနယ်စပ်ကို အကာအကွယ် တိုးမြှင့်ရန်၊ လုံခြုံရေးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ အလုပ်အကိုင်နှင့် ဖွံ့ဖြိုးရေးကို ထောက်ပံ့မည့် အီးယူရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကို အားပေးရန် သဘောတူခဲ့ကြသည်။

ဒုက္ခသည်များကို လက်ခံရန် ဖိအားပေးခဲ့သည့် အီးယူ၏ သြဇာကြီး ခေါင်းဆောင်မာကယ်လ်နှင့် ဒုက္ခသည်များ (မွတ်ဆလင် အများစု) ကို လက်မခံလိုသော ကွန်မြူနစ်ခေတ်လွန် အရှေ့ဥရောပနိုင်ငံ ခေါင်းဆောင်များအကြား ယခုတိုင် တင်းမာမှုများ ရှိနေဆဲပင် ဖြစ်သည်။

မာကယ်ဖက်မှ ရပ်တည်သော ပြင်သစ်သမ္မတ ဟော်လန်က အီးယူသည် ဗြိတိန်ထွက်သွားသော်လည်း ရှေ့သို့ ချီတက်နေဆဲဟု ပြောကြားခဲ့သည်။

ဂျာမနီနှင့် ပြင်သစ်သည် ဒုတိယကမ္ဘာစစ် အပြီးတွင် အီးယူအဖွဲ့ ထူထောင်ရေးကို ပူးတွဲကြိုးစားခဲ့ကြသော်လည်း လက်ရှိနှစ်ပိုင်းများတွင် ဂျာမနီက ရှေ့တန်းပိုထွက်လာမှုနှင့် ပြင်သစ်က စီးပွားရေး ကျဆင်းနေမှုတို့ကြောင့် ပြင်သစ် ဂျာမန် တွဲဖက်မောင်းနှင်အား ရပ်တန့်လျက်ရှိသည်။

ထို့အပြင် ပြည်တွင်း၌ ရေပန်းမစားသော ဟော်လန်ဒီသည် လာမည့် နွေဦး ရွေးကောက်ပွဲတွင် အာဏာလက်လွှတ်ရမည့် အလားအလာရှိပြီး အလားတူ ပြည်တွင်း၌ လူကြိုက်များမှု ကျဆင်းနေသော  မာကယ်မှာလည်း လေးကြိမ်မြောက် သက်တမ်းအတွက် လာမည့်နှစ်တွင် ရွေးကောက်ပွဲ ဝင်၊ မဝင် ကို မဆုံးဖြတ်ရသေးပေ။ 

ဗြိတိန်နှင့် လက်တွဲဖြုတ်မည့် ဆွေးနွေးမှုများကိုမူ ဒင်နုမြစ်ထဲတွင် သင်္ဘောစီးကာ နေ့လယ်စာ သုံးဆောင်ရင်း အီးယူခေါင်းဆောင်များနှင့် အီးယူကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တတ်စ်တို့ အကြမ်းဖျင်း ဆွေးနွေးခဲ့ကြသည်။

No comments: