ရန်ကုန်၊ စက်တင်ဘာ ၂၅
သာကေတမြို့နယ်၊ (၇) ရပ်ကွက်၊ ဇီဇဝါလမ်းတွင် နေထိုင်သော အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်သည် ၎င်း၏ အငှားယာဉ်ပေါ် မေ့ကျန်နေခဲ့သည့် ကျပ်သိန်းတစ်ထောင်နီးပါးရှိ စိန်နှင့်မြကျောက်များကို စက်တင်ဘာလ ၂၅ ရက် နံနကပိုင်းက ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်၍ ပြန်အပ်နှံခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့နှင့် ပိုင်ရှင်ဖြစ်သူထံမှ သိရှိရသည်။
ပိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုဌေးမှာ စက်တင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခွဲက ၎င်း၏ မိတ်ဆွေအမျိုးသမီး တစ်ဦးနှင့်အတူ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် အနီးတွင် ကိုသန်းထိုက်ကျော်၏ အငှားယာဉ်ကိုငှား၍ မြေနီကုန်း ပန်းခြံလမ်းသို့ လိုက်လံပို့ဆောင်ခိုင်းခဲ့စဉ် စိန်နှင့် မြကျောက်များ ထုပ်ပိုးထားသည့် အထုပ်မှာ အငှားယာဉ်ပေါ် မေ့ကျန်ခဲ့ကြောင်း ပိုင်ရှင်မိသားစုဝင်များထံမှ သိရှိရသည်။
“အငှားကားမောင်းသူက ဒီမနက် ကားသန့်ရှင်းရေး လုပ်ရာက ရတနာထုပ်ကိုတွေ့ပြီး မနေ့က သူလိုက်ပို့ခဲ့တဲ့ မြေနီကုန်း ပန်းခြံလမ်းက နေအိမ်ထံ ပြန်လာ အပ်ခဲ့တာ၊ သူက အတော်ရိုးသားသူပါ၊ ကျေးဇူးတင်တဲ့ အနေနဲ့ ငွေပေးတာကို လက်မခံဘူး၊ အမှတ်တရ သူ့ဓာတ်ပုံရိုက်ခွင့်ပါ မပြုခဲ့ဘူး” ဟု ပိုင်ရှင်မိသားစုဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ စိန်နှင့်မြကျောက်များမှာ အိန္ဒိယကျောက်များဖြစ်ပြီး အမျိုးသမီး လက်ဝတ်လက်စားနှင့် အသုံးအဆောင်များ ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖြစ်ကြောင်း၊ ပိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုဌေးမှာ ပန်းထိမ်ဆရာများကို ယင်းကျောက်မျက်များ ဖောက်သည်ပေးနေသူတစ်ဦး ဖြစ်ပြီး ကလေးမြို့တွင် နေထိုင်ကာ ၎င်း၏ ဆွေမျိုးများရှိရာ သန်လျင်ရေနံချက်စက်ရုံ အရာရှိ အိမ်ရာဝင်းသို့ လာရောက်စဉ် မိတ်ဆွေတစ်ဦး၏ နေအိမ်ထံ အလည်သွားရာမှ အငှားယာဉ်ပေါ် ယင်းကျောက်မျက်ရတနာထုပ် မေ့ကျန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျောက်များ မေ့ကျန်ခဲ့သည့်ယာဉ်ကို ဆက်သွယ်ရရှိရန် ပိုင်ရှင်မိသားစုမှ ၎င်းတို့ထံ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ပြီး အငှားယာဉ်မောင်းမှ ကျောက်မျက်ထုပ် ပြန်လည်ပေးအပ်ခဲ့ရာတွင် ၎င်း၏ အမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို ရေးသား၍ လူမှုကွန်ရက်ပေါ် ပြန်လည်ဖော်ပြခဲ့သောကြောင့် အငှားယာဉ်မောင်း၏ ရိုးသားမှုကို ချီးကျူးကြောင်း လူမှုကွန်ရက် သုံးစွဲသူများက ၎င်းတို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ရေးသားဖြန့်ဝေခဲ့ကြသည်။
No comments:
Post a Comment